တစ်ဂိုးသွင်း တစ်ဂိုး ဖန်တီး ခဲ့ပေမယ့် ဗီအဲရာ အားနည်းနေသေးတဲ့ နေရာ ရှိနေသေးကြောင်း ထောက်ပြ လိုက်တဲ့ အာတေတာ

အာဆင်နယ် နည်းပြ အာတေတာ က နော်ဝေး ကလပ် ဘိုဒိုဂလင့် နဲ့ ပွဲမှာ ပေါ်တူဂီ ကြယ်ပွင့် ဖေဘီယို ဗီအဲရာ ရဲ့ ခြေစွမ်းကို ချီးကျူး သွားခဲ့ပါတယ် ။ ဒါ့အပြင် ဗီအဲရာ မှာ အားနည်းနေသေးတဲ့ အပိုင်းတွေ ရှိနေကြောင်းလည်း ထောက်ပြ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပေါ်တူဂီ ကလပ် ပေါ်တို အသင်း ကနေ ဖေဘီယို ဗီအဲရာ ကို ယူရို ၃၅ သန်း + Add-ons ၅ သန်း ၊ ငါးနှစ် စာချုပ်နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

ဖေဘီယို ဗီအဲရာ ဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ ပေါ်တို အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး ၂၇ ပွဲ ကစားရာမှာ ၆ ဂိုး သွင်း ၊ ၁၄ ဂိုး ဖန်တီးကာ လိဂ်ပြိုင်ပွဲ ရဲ့ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ် ။

ဗီအဲရာ ဟာ ရောက်စမှာ ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် အသင်း ရဲ့ ရာသီကြို ပွဲတွေကို ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိပါဘူး ။ ဇူးရစ်ချ် နဲ့ ပွဲမှာမှ သူ့ရဲ့အာဆင်နယ် ကစားသမား ဘဝ ပထမဦးဆုံး ပွဲဦးထွက် ကစားနိုင်ခဲ့ပြီး ဘရန်းဖိုဒ့် နဲ့ ပွဲကတော့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက် ဖြစ်ခဲ့ပါတယ် ။ ဗီအဲရာ ဟာ သူ့ ရဲ့ PL ပွဲဦးထွက်မှာ ဘယ်ခြေ အဝေးကန်ချက် နဲ့ အာဆင်နယ် အတွက် ဂိုးသွင်းယူ နိုင်ခဲ့ပါတယ် ။

ဘိုဒိုဂလင့် နဲ့ ပွဲမှာတော့ ဗီအဲရာ ဟာ ဟိုးလ်ဒင်း အတွက် ဂိုးဖန်တီးမှု ပြုလုပ်ကာ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး assist ရရှိ သွားခဲ့ပါတယ် ။ ဒါ့အပြင် ဂျေးဇု ရဲ့ဖန်တီးပေးမှု ကနေလည်း အာဆင်နယ် အတွက် တတိယမြောက် သွင်းဂိုး ကို သွင်းယူ ပေးခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ဗီအဲရာ ရဲ့ခြေစွမ်းကို စိတ်လှုပ်ရှားလို့ ရပြီလားဆိုတဲ့မေးခွန်းကို နည်းပြ အာတေတာ က ” ဒါပေါ့ဗျာ ၊ ခင်ဗျားတို့လည်း သူရဲ့အရည်အသွေး ကို မြင်တွေ့မှာပါ ။ ဂိုးဧရိယာ အနားရောက်တိုင်း သူ ခြိမ်းခြောက်မှုတွေ လုပ်နိုင် ခဲ့ပါတယ် ။ ”

” ခံစစ်ပိုင်းမှာတော့ သူ အခုထက် ပိုလုပ်ပြနိုင်ဖို့ လိုအပ်ပါသေးတယ် ၊ ပိုနားလည် သဘောပေါက်ဖို့ လိုနေပါသေးတယ် ၊ ဘောလုံးပိုင်ဆိုင်မှု ကောင်းကောင်း လုပ်နိုင်တဲ့ အသင်းကောင်းတွေ နဲ့ ပွဲမှာ အသင်းလိုက်စုဖွဲ့မှု အားကောင်းဖို့က အရေးကြီးပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဗီအဲရာ ဟာ ဒီရာသီ အာဆင်နယ် အတွက် သွင်းဂိုး ၂ ဂိုး ၊ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပြီး ပရီးမီးယားလိဂ် က ပေါ်တူဂီ ကစားသမားတွေထဲမှာ ဘာနန်ဒို ဆေးလ်ဗား ပြီးရင် သွင်းဂိုး ပါဝင် ပတ်သက်မှု အများဆုံး ကစားသမား ဖြစ်နေပါတယ် ။

SM