အေစီမီလန်နဲ့ ပွဲမှာ အထူး ခြေစွမ်းပြခဲ့တဲ့ ကြယ်ပွင့် တဦးဟာ အနာဂတ် ချဲလ်ဆီး ဂန္တဝင် ဖြစ်လာနိုင်ကြောင်း ထင်မြင်ချက်ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

အရှေ့ ချန်ပီယံလိဂ် အုပ်စု ၂ပွဲ မှာနိုင်ပွဲမရခဲ့တဲ့ ချဲလ်ဆီး အသင်းဟာ မနေ့ည က ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃မှာ အုပ်စုတွင်း အင်အားအကြီးဆုံး ပြိုင်ဖက် အေစီမီလန် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၃ – ၀ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။

ချဲလ်ဆီး အတွက် ဂိုးတွေကို ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာ ၊ တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းတို့အပြင် ၊ အားထားရတဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ်တို့က တဂိုးစီ သွင်းယူပေးခဲ့ပါတယ် ။ ရိစ်ဂျိမ်းစ်ဆိုရင် လှပတဲ့ အဆုံးသတ်နဲ့ ဂိုးအပြင် ၊ အူဘားမီးယန်း အတွက်ပါ ဂိုးဖန်တီးပေးခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က မနေ့ညက ပွဲမှာ Man of the Match ဆု ရခဲ့တဲ့ ရိစ်ဂျိမ်းစ်ကို အနာဂတ် ချဲလ်ဆီး ဂန္တဝင်လောင်း အဖြစ် ခေါင်းစဉ်တပ် ချီးကျူးခဲ့ကာ ၊ ၄င်းနဲ့ အတူ လက်တွဲ အလုပ်လုပ်ခွင့် ရလို့ ဝမ်းမြောက်ကြောင်း ဖွင့်ဟခဲ့ပါတယ် ။

ပေါ်တာ က ” ရိစ်ဟာ အံ့သြဖွယ်ကောင်းတဲ့ လူငယ် ကြယ်ပွင့် တဦးပါ ။ ဒီတော့ အချိန်တိုင်း သူ့အတွက် တိုးတက်မှုတွေက ရှိနေမှာပါ ။ ဒီကနေ စပြီး သူဟာ ဒီထက် ပိုကောင်းလာဖို့ပဲ ရှိပါတယ် ။ ကျွန်တော်ကတော့ သူနဲ့ အတူ လက်တွဲ အလုပ်လုပ်ရတာကို နှစ်ခြိုက်ပါတယ် ။ သူ့မှာ ထုတ်ပြနိုင်တဲ့ အရည်အသွေးကောင်းများစွာ ရှိနေပါတယ် ။ ”

” သူဟာ ကမ္ဘာပေါ်က ဘယ်လို ဘောလုံးပွဲမျိုးမဆို ကစားပေးနိုင်ပါတယ် ။ သူ့ရဲ့ ခြေစွမ်းက ကြောက်မက်ဖွယ်ကောင်းပါတယ် ။ ကျွန်တော့ အလုပ်က သူ့ကို မျှော်မှန်းထားတဲ့ ခြေစွမ်း အဆင့်အတန်းဆီ ရောက်လာဖို့ အတွက် ပံ့ပိုးပေးဖို့ ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ တိုးတက်နိုင်ခြေက အဆုံးမရှိလို့ပါ ။ ”

” ရိစ်က ညာနောက်ခံလူ နေရာမှာ အကောင်းဆုံးလား ? ခင်ဗျားတို့ရဲ့ အမေးကို ဖြေဖို့ ကျွန်တော် သူ ကစားတာကို လုံလုံလောက်လောက် မကြည့်ရသေးပါဘူး ။ ကျွန်တော်တို့ကတော့ သူ့ကို ချစ်ကြပါတယ် ။ သူဟာ ကျွန်တော်တို့ အတွက် အရေးကြီးပြီး ၊ ကျွန်တော့ အလုပ်က သူ့ကို ကူညီပေးဖို့ပါ ။ ”

” သူ့မှာ ချဲလ်ဆီး ဂန္တဝင် ဖြစ်လာဖို့ အထိ အလားအလာ ရှိပါတယ် ။ ဒါမျိုး ဖြစ်လာဖို့ ဆိုတာက သူ့အနေနဲ့ အောင်မြင်တဲ့ အသင်းမှာ ရှိနေဖို့ လိုပြီး ၊ ဒီအတွက် ကျွန်တော်တို့ ကြိုးစား အားထုတ်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး တရားဝင် App နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူမှာတော့ ရိစ်ဂျိမ်းစ် က မနေ့ညက သူ့ရဲ့ဂိုးနဲ့ ပတ်သက်ပြီး ” ဂိုးသွင်းပြီးရင် ကွင်းရဲ့ ထောင့်ခြမ်းမှာ အောင်ပွဲခံရတာကို ကျွန်တော် သဘောကျပါတယ် ။ ဒီကို ရောက်လာတာ ငယ်ငယ်ကတည်းက ဖြစ်ပြီး ၊ ဒီကလပ် အတွက် ကစားပေးရတာကို ကျွန်တော် နှစ်ခြိုက်ပါတယ် ။ တိုက်စစ် တက်ရတဲ့ အခါတိုင်း အသင်း အတွက် ကျွန်တော် ကူညီပေးနိုင်ဖို့ ကြိုးစားပေးပါတယ် ။ ”

” ကံကောင်းစွာနဲ့ ဒီနေ့မှာ ကျွန်တော် ဂိုးသွင်းပြီး ၊ အသင်းကို ကူညီနိုင်ခဲ့ပါတယ် ။ မှန်ကန်တဲ့ နေရာမှာ ရှိနေရင် ဂိုးသွင်းတာ ဒါမှမဟုတ် ဂိုးဖန်တီးပေးနိုင်တာကို ကျွန်တော် သိပါတယ် ။ ဒီတော့ ပုံမှန်အတိုင်း ပွဲကစားရင်း ၊ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ရုံပါပဲ ။ ”

” ကျွန်တော် အသင်း အတွက် ကူညီပေးနိုင်ခဲ့လို့ ဝမ်းမြောက်မိပေမယ့် ၊ ကျန်တဲ့ အသင်းသား ၁၀ယောက်ဟာလည်း ကျွန်တော့လိုပဲ အသင်းကို ကူညီပေးခဲ့ပါတယ် ။ ဒါဟာ အသင်းလိုက် စွမ်းဆောင်ရည်ကောင်း တရပ်ပါ ။ ဒီနေ့မှာ တဦးကောင်းနဲ့ နိုင်ခဲ့တာ မဟုတ်ပါဘူး ။ အသင်းအဖွဲ့နဲ့ တစုတစည်းတည်း ကစားပြီး နိုင်ခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR