အေစီမီလန်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲမှ ချဲလ်ဆီး ကြယ်ပွင့် တဦးရဲ့ အရည်အချင်း အပေါ် မေးခွန်းထုတ်လိုက်တဲ့ ကာပယ်လို

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အေစီမီလန် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ သက်တောင့်သက်သာ ၃ဂိုးပြတ် ရလဒ်နဲ့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲ ရှာဖွေနိုင်ခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ အုပ်စု E ရဲ့ အဆင့် ၂ နေရာကို တက်လှမ်းလာပါတယ် ။

မနေ့ညက ပွဲမှာ ချဲလ်ဆီးမှာ တဖက်သက်ကြီး ဖိကစားနိုင်ခဲ့တာ မဟုတ်ပေမယ့် ၊ ဧည့်သည် မီလန်ကို လှုပ်မရအောင် ထိန်းသွားခဲ့ပါတယ် ။ ကစားသမားတိုင်းလိုလို ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၊ သာမန် ခြေစွမ်းထက် အများကြီး မပိုခဲ့တဲ့ ချဲလ်ဆီး အသင်းသားတွေလည်း ရှိခဲ့ပါတယ် ။

ထိုအထဲမှာ နည်းပြသစ် ဂရေဟမ် ပေါ်တာလက်ထက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ ဆီနီဂေါ ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ကူလီဘာလီ ဟာ ပွဲအစ မိနစ် အနည်းငယ်မှာ အာရုံ ရှုပ်ထွေးခဲ့ပြီး ၊ မလိုလားအပ်တဲ့ ပြစ်ဒဏ်ဘော ကျူးလွန်မှု ၃ကြိမ်လောက် လုပ်ခဲ့ပါတယ် ။

 

အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း ဖေဘီယို ကာပယ်လိုကတော့ ကူလီဘာလီရဲ့ ဦးဆောင်နိုင်မှု အရည်အချင်း အပေါ် မေးခွန်းထုတ်ခဲ့ပြီး ၊ ၄င်းဟာ နာပိုလီကလို ချဲလ်ဆီးမှာ ခေါင်းဆောင်ကောင်း တဦးရဲ့ အရည်အသွေးမျိုး မပြသနိုင်သေးဘူးလို့ Sky Italia နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပဲ ထောက်ပြခဲ့ပါတယ် ။

ကာပယ်လို က ” ဘောလုံး ခြေထဲမှာ ရှိနေတဲ့ အချိန်ဆို သူ တုန့်ဆိုင်းခဲ့ပါတယ် ။ နာပိုလီမှာ ကစားခဲ့သလိုမျိုး သူ မြန်မြန်ဆန်ဆန် ရှိမနေခဲ့ပါဘူး ။ နာပိုလီမှာတုန်းက သူကပဲ အမိန့်ပေး ညွှန်ကြားတာတွေ လုပ်ရတယ် ၊ ကိုယ်တိုင် ရှေ့တက်ရတယ် ၊ ကိုယ်တိုင် ဘောလုံး ပေးပို့ရတယ် ။ အခုတော့ ခြေထောက် ၂ခုကြား ဘောလုံးရနေတာတောင် သူ ဘာလုပ်ရမှန်း မသိတော့ပါဘူး ။ ”

” ဘယ်သူ့ကို ဘောလုံး ပေးရမယ် ဆိုတာလဲ သူ မသိတော့ပါဘူး ။ သူ့ကို ကြည့်လိုက်ရင် ကိုယ့်အနီးအနားမှာ ရှိတဲ့ အသင်းဖော်တွေလောက်ပဲ ဘောလုံး ပေးပါတော့တယ် ။ ဒီတော့ လက်ရှိ သူ့ရဲ့ စွမ်းဆောင်ရည်က ကျွန်တော့ကို အံ့အားသင့်စေပါတယ် ။ သူ့မှာ ဦးဆောင်နိုင်တဲ့ အရည်အချင်းမျိုးတွေ ရှိမယ်လို့ ၊ ချဲလ်ဆီးကို ရောက်တာနဲ့ သူ ဝုန်းဒိုင်းကြဲပြနိုင်ပြီလို့ ကျွန်တော် ထင်ခဲ့တာပါ ။ ”

” လောလောဆယ် သူဟာ တကယ့် ကူလီဘာလီ ပုံစံမျိုးမှာ ရှိမနေပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ နည်းပြသစ် လက်ထက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ ကူလီဘာလီကတော့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ထက် ၊ အသင်းရဲ့ နိုင်ပွဲနဲ့ Clean Sheet အတွက်သာ ဝမ်းမြောက်နေပါတယ် ။

ကူလီဘာလီ က ” ကျွန်တော်တို့ဟာ ပုံစံကောင်း ရနေတဲ့ မီလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ၊ ခက်ခဲမယ့် ပွဲတပွဲမှန်း ကြိုသိထားပါတယ် ။ ဒီပွဲကို ကျွန်တော်တို့ အနိုင်ရချင်ခဲ့ပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း ပွဲကစားခွင့် ပြန်ရခဲ့လို့ ဝမ်းမြောက်မိပါတယ် ။ အနာဂတ်မှာ ပိုကောင်းလာဖို့ မျှော်လင့်ပါတယ် ။ ”

” ကျွန်တော်ဟာ ပုံမှန် ကစားဖို့ လိုတဲ့ ကစားသမား တယောက်ပါ ။ ဒါကို လူတိုင်း သိပါတယ် ။ အသင်းမှာ အထိုင်ကျဖို့ အချိန် အတိုင်းအတာ တခု လိုတယ် ဆိုတာလည်း အမှန်ပါပဲ ။ ဒီမှာ ကျွန်တော် အဆင်ပြေနေပါတယ် ။ ပြီးပြည့်စုံတဲ့ အနေအထားမှာ မရှိနေပေမယ့် ၊ လိုချင်တဲ့ ပုံစံဆီ ရောက်ဖို့ ကြိုးစားနေပါတယ် ။ ”

” ဒီနေ့မှာ နိုင်ပွဲအပြင် ၊ Clean Sheet ပါ ရခဲ့လို့ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ် ။ နောက်ခံလူ တယေက်အနေနဲ့ ဂိုးမပေးရတာကို အမြဲတမ်း ဝမ်းမြောက်ပါတယ် ။ မီလန်ဟာ ကြီးကျယ်တဲ့ ပြိုင်ဖက် တသင်း ဖြစ်ပြီး ၊ သူတို့ကို ကျွန်တော်တို့ အနိုင်ယူပြနိုင်တဲ့ အကြောင်း ဒီနေ့မှာ သက်သေပြခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR