အေစီမီလန်ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် ၊ ၄င်းအတွက် စိတ်ပျက်စရာကောင်းတဲ့ အရာ တခုကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အေစီမီလန် အသင်းကို နောက်ခံလူ ဝက်စ်လေ ဖိုဖာနာနဲ့ ရိစ်ဂျိမ်းစ် ၊ တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းတို့ရဲ့ ဂိုးတွေနဲ့ အတူ ၃ဂိုးပြတ် အနိုင်ရခဲ့ပြီး ၊ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲနဲ့ အတူ အုပ်စု E အဆင့် ၂ နေရာကို တက်လှမ်းလာခဲ့ပါတယ် ။

ဒီပွဲ အစပိုင်း မိနစ် အနည်းငယ်မှာ ကစားပုံ တည်ဖို့ အခက်အခဲ ရှိခဲ့တာကလွဲပြီး ၊ ကျန်တဲ့ ပွဲချိန်တွေမှာ ချဲလ်ဆီးဟာ ခြေစွမ်းအသာ ၊ အခွင့်အရေး အသာနဲ့ ကစားနိုင်ခဲ့ပါတယ် ။ ကစားခွင့်ရတဲ့ အသင်းသားတိုင်းလိုလို ခြေစွမ်း ပေါ်လွင်ခဲ့ပြီး ၊ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာများစွာ တွေ့ခဲ့ရပါတယ် ။

သို့ပေမယ့်လည်း ပထမပိုင်း မပြီးခင်မှာ ချဲလ်ဆီး အတွက် ပထမဆုံးဂိုး သွင်းပေးနိုင်ခဲ့တဲ့ ပြင်သစ် ယူ ၂၁ ခံစစ်မှူး ဝက်စ်လေ ဖိုဖာနာ ဒူးဒဏ်ရာ ရသွားခဲ့ပြီး ၊ လောလောဆယ် အထိတော့ ၄င်းရဲ့ ဒဏ်ရာ အတိမ်အနက် မသိရပေမယ့် ၊ ဒါဟာ ချဲလ်ဆီး အဖို့ နစ်နာမှု တရပ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။

 

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာ က အေစီမီလန်လို အသင်းကို ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာ သူ့အတွက် တခုတည်းသော စိတ်ပျက်စရာ အရာ တခုက ဖိုဖာနာရဲ့ ဒဏ်ရာသာ ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ပေါ်တာ က ” ဖိုဖာနာရဲ့ ဒဏ်ရာ ဘယ်လောက် ပြင်းထန်လဲ ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး ။ ဒါက ဒီနေ့ ညနေရဲ့ စိတ်ပျက်စရာကောင်းတဲ့ တခုတည်းသော အရာပါ ။ သူ့ဒဏ်ရာကို ကျွန်တော်တို့ စစ်ဆေးရပါမယ် ။ သူ ဘယ်လောက်ထိ နားရမယ် ဆိုတာကို ကျွန်တော် မခန့်မှန်းချင်သေးပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော်တို့ ဒီအတွက် စိတ်ပူနေပါတယ် ။ မနက်ဖြန် အထိတော့ ဆေးစစ်ချက် ထွက်လာတာကို ကျွန်တော်တို့ စောင့်ရမှာပါ ။ အကောင်းဆုံး အဖြေ ထွက်လာဖို့ပဲ မျှော်လင့်ပါတယ် ။ သူ ဒီနေရာမှာ ကံဆိုးခဲ့ပါတယ် ။ ဘောလုံးမှာ ဒီလို အရာတွေက ဖြစ်တတ်ပါတယ် ။ ”

” သူဟာ အသက်ငယ်ပြီး စိတ်ဓာတ် ကြံ့ခိုင်တဲ့ ကစားသမား တယောက်ပါ ။ ကျွန်တော်တို့ သူ့ကို ရှေ့ဆက် ကူညီ ပံ့ပိုးပေးမှာ ဖြစ်ပေမယ့် ၊ လောလောဆယ်တော့ သူ့ဒဏ်ရာနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို ပေးစရာ သတင်း များများစားစား မရှိပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဂရေဟမ် ပေါ်တာ ဟာ ချဲလ်ဆီးကို စရောက်မှ ချန်ပီယံလိဂ် အတွေ့အကြုံကို နဖူးတွေ့ဒူးတွေ့ ခံစားရပြီး ၊ ကိုင်တွယ်တာ ၂ပွဲမြောက်တဲ့ အချိန်မှာ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ စတင် ရရှိခဲ့ပြီ ဖြစ်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ပေါ်တာ က အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” ကျွန်တော်ဟာ ချဲလ်ဆီး အသင်းရဲ့ နည်းပြ ဖြစ်ပါတယ် ။ ဒီတော့ ခင်ဗျား အနေနဲ့ အခြေအနေတိုင်း ပရော်ဖက်ရှင်နယ်ဆန်ဆန် ဆုံးဖြတ်ချက် ချဖို့ လိုပြီး ၊ အသင်း အတွက် နိုင်ပွဲတွေ ရစေဖို့ ၊ ကစားသမားတွေကို ပွဲအပေါ် အပြည့်အဝ အာရုံစိုက်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်မှု ပေးနိုင်ရပါမယ် ။ ”

” လူသား တယောက် ဖြစ်တာနဲ့ အညီ ၊ ချဲလ်ဆီး – အေစီမီလန် ထိပ်တိုက် တွေ့ဆုံမှုလို အံ့သြဖွယ်ကောင်းတဲ့ ပွဲတပွဲမှာ ပါဝင်ခွင့် ရတဲ့ အတွက် ဝမ်းမြောက်မိပါတယ် ။ ဒီနေ့လိုပွဲမျိုး အနိုင်ရတာ ကျွန်တော့ အတွက် အရမ်း ကြီးကျယ် ခမ်းနားပါတယ် ။ အခုတော့ ခဏတာ အနားယူပြီး ၊ လာမယ့် စနေနေ့မှာ ကစားမယ့် ပွဲအတွက် အဆင်သင့် ဖြစ်စေဖို့ ပြင်ဆင်လေ့ကျင့်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR