အုပ်စုတွင်း အဓိက ပြိုင်ဖက်ကို ခြင်္သေ့ပြာတို့ ဂိုးပြတ် ချေမှုန်းနိုင်ခဲ့တဲ့ ချဲလ်ဆီး ၃ – ၀ အေစီမီလန် ပွဲမှ ချဲလ်ဆီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃မှာ အုပ်စု E မှ အင်အားကြီး ကလပ် ၂သင်း ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အေစီမီလန်တို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြရာ ၊ အိမ်ရှင် ချဲလ်ဆီး က တပွဲလုံးနီးနီး သက်တောင့်သက်သာ ၃ – ၀ ရလဒ်နဲ့ ဒီရာသီ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲ ရှာဖွေနိုင်ခဲ့ပါတယ် ။

ထိုပွဲမှ ခြင်္သေ့ပြာတို့ရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ အရီဇာဘာလာဂါ ( Rating – 7 )

နောက်ဆုံး ၄ပွဲဆက် ပွဲထွက်ခွင့် ပြန်ရထားတဲ့ ကီပါ အတွက် ဒါဟာ ပထမဆုံး clean sheet ဖြစ်ပြီး ၊ ပထမပိုင်း ပြီးခါနီးက အေစီမီလန် ကွင်းလယ်လူ ကရူးနစ်ရဲ့ ကန်ချက်ကို လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့ပါတယ် ။ ကျန်တဲ့ ပွဲချိန်တွေမှာတော့ မီလန်ဖက်က ဂိုးပေါက်တောင် မခြိမ်းခြောက်နိုင်ခဲ့တာကြောင့် ၊ ကီပါ အတွက် သက်တောင့်သက်သာ ရှိတဲ့ ညတည ဖြစ်ခဲ့ပါတယ် ။

နောက်တန်း – ဝက်စ်လေ ဖိုဖာနာ ( Rating – 7 ) ၊ သီယာဂို ဆေးလ်ဗား ( Rating – 8 ) ၊ ကာလီဒူ ကူလီဘာလီ ( Rating – 6 )

အေစီမီလန်ဖက်ကို ဂိုးပေါက် ၂ကြိမ်သာ ကန်ခွင့်ပြုခဲ့တဲ့ ချဲလ်ဆီး ခံစစ်ဟာ မနေ့ညက ပွဲမှာ အထူး ကျစ်လျစ်မှု ရှိခဲ့တာ မှန်ပေမယ့် ၊ ပွဲစစချင်းမှာ အနည်းငယ် လှုပ်ခတ်မှုတော့ ရှိခဲ့ပါတယ် ။ အထူးသဖြင့် ဂရေဟမ် ပေါ်တာ လက်ထက် ပထမဆုံး ပွဲထွက်ခွင့် ရခဲ့တဲ့ ကူလီဘာလီ ဟာ မလိုအပ်ပဲ ပြစ်ဒဏ် ကျူးလွန်မှုတွေ လုပ်ခဲ့ပါတယ် ။

International break က ပြန်လာအပြီး အသက်အရွယ်နဲ့ မလိုက် ၊ မိနစ် ၁၈၀ အထိ ကစားထားပေးတဲ့ သီယာဂို ဆေးလ်ဗားရဲ့ စွမ်းဆောင်ရည် က ဘာအပြစ်မှ ပြောစရာ မရှိခဲ့ပါဘူး ။ အေစီမီလန်ရဲ့ ဖြတ်တင်ဘော အများစုကို ယင်းဘရာဇီးသားကပဲ ဒိုင်ခံ ရှင်းထုတ်ခဲ့သလို ၊ တိကျတဲ့ အဝေးဘော ပေးပို့မှု အချို့လည်း လုပ်နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ဆေးလ်ဗား ဟာ ဖိုဖာနာရဲ့ ဂိုးမတိုင်ခင် ထောင့်ကန်ဘော ၃ကြိမ်ဆက် ခေါင်းတိုက် ဂိုးသွင်းနိုင်လုနီးပါး ဖြစ်ခဲ့ပါတယ် ။

3 backs ရဲ့ ညာခြမ်းမှာ ကစားရတဲ့ ဖိုဖာနာကတော့ ခံစစ်ပိုင်း အရ အသင့်အတင့် ခြေစွမ်းပြနိုင်ခဲ့သလို ၊ အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ၊ ကံဆိုးစွာနဲ့ ထိုဂိုးမတိုင်ခင် မိနစ်ပိုင်း အလိုမှာ မီလန် တောင်ပံကစားသမား ရာဖေးလ် လီယောင်နဲ့ တွန်းတိုက်ရင်း ၊ အကျမတော်ပဲ ဒူးဒဏ်ရာ ရခဲ့လို့ ၊ ပထမပိုင်းမပြီးခင်မှာပဲ လူစားလဲ ခံခဲ့ရပါတယ် ။

ကွင်းလယ် – ရိစ်ဂျိမ်းစ် ( Rating – 9 ) ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ၊ မတ်တီယို ကိုဗာဆစ် ( Rating – 8 ) ၊ ဘန်ချေဝဲလ် ( Rating – 7 )

Midfield Battle မှာ ချဲလ်ဆီးဟာ မီလန်ကို ပြတ်ပြတ်သားသား အသာရခဲ့ပြီး ၊ ချဲလ်ဆီး wing-back တွေကို မီလန် ခံစစ်က ဘယ်လိုမှ မထိန်းနိုင်ခဲ့ပါဘူး ။ ရိစ်ဂျိမ်းစ်ကတော့ ချဲလ်ဆီးရဲ့ မရှိမဖြစ် ကစားသမား ဆိုတာ ဆက်လက် သက်သေပြခဲ့ပြီး ၊ ကိုယ်တိုင် တဂိုးသွင်း ၊ တဂိုး ဖန်တီးသွားခဲ့ပါတယ် ။

တဖက်မှာ ဂျိမ်းစ်ဟာ ပထမပိုင်း အတွင်း ရာဖေးလ် လီယောင်ကို မထိန်းနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ဘယ်သူက boss လဲ ဆိုတာ တုန့်ပြန်ပြသွားခဲ့ပါတယ် ။ ဘယ်ခြမ်းက ချေဝဲလ်ကတော့ အဖွင့်ဂိုး မတိုင်ခင် ထောင့်ကန်ဘော ၂ကြိမ်ဆက် သီယာဂို ဆေးလ်ဗားဆီ တိတိကျကျ တင်ပေးနိုင်ခဲ့ပြီး ၊ ဒုတိယဂိုးဟာလည်း ၄င်းရဲ့ ဖြတ်တင်ဘော အနည်းငယ် လျှံခဲ့ရာက စခဲ့ပါတယ် ။

ကွင်းလယ် double pivots မှာတော့ ကိုဗာဆစ်နဲ့ လော့ဖ်တပ်စ်ချိခ်တို့ အတွဲညီခဲ့ပြီး ၊ ခံစစ် ကူပေးနိုင်ခဲ့သလို ၊ ball-winning အနေအထားတွေမှာ အသာစီး ရခဲ့ပါတယ် ။ ဒါ့အပြင် ၂ဦးလုံးမှာ တကိုယ်တော် အလိမ်အခေါက်အားနဲ့ ရှေ့ဆီ ဘောလုံး ဆွဲပြေနိုင်စွမ်း ရှိပြီး ၊ ဒါကို မီလန် ကွင်းလယ်က ဘယ်လိုမှ မခံနိုင်ခဲ့ပါဘူး ။ ။

တိုက်စစ် – ရာဟင်း စတာလင် ( Rating – 6 ) ၊ ပီယာအမ်းမရစ် အူဘားမီးယန်း ( Rating – 8 ) ၊ မေဆင်မောင့် ( Rating – 6 )

ချဲလ်ဆီး ၃ယောက်တွဲ တိုက်စစ်ဟာ လူမစုံတဲ့ မီလန် ခံစစ်ကို အထူး ဖိအားပေးနိုင်ခဲ့ပြီး ၊ ဘောလုံးဆုံးရှုံးတဲ့ အချိန် press အားကြောင့် မီလန် နောက်ခံလူတွေ ဘောလုံး မှားပေးတာတွေ အကြိမ်ကြိမ် ရှိခဲ့ပါတယ် ။ အထူးသဖြင့် မေဆင်မောင့်ဟာ ရှေ့ပွဲတွေကထက် သိသိသာသာ ကြိုးစား ကစားခဲ့တာကို တွေ့ရပြီး ၊ လူကျွံဘော ဖြစ်ခဲ့တဲ့ ဂိုးတဂိုးတော့ စွမ်းဆောင်နိုင်ခဲ့ပါတယ် ။

ညာတောင်ပံမှာ ရိစ်ဂျိမ်းစ်နဲ့ တွဲကစားရတဲ့ စတာလင်ကတော့ ခါတိုင်းထက် အခွင့်အရေးတွေ ၊ လုပ်ပိုင်ခွင့်တွေ ပိုရခဲ့ပေမယ့် ၊ ထိထိရောက်ရောက် အသုံးချနိုင်ခဲ့တာမျိုးတော့ မရှိပါဘူး ။ တတိယ ဦးဆောင်ဂိုးကို စတာလင် ဖန်တီးနိုင်ခဲ့တာ မှန်ပေမယ့် ၊ ဒီဂိုးက ရိစ်ဂျိမ်းစ်ရဲ့ ပါးနပ်မှု က ၉၀ ရာခိုင်နှုန်းလောက် ပါဝင်နေပါတယ် ။

ဒါ့အပြင် စတာလင် ဟာ ပထမပိုင်းပြီးခါနီးမှာ အူဘားမီးယန်းကို ဂိုးဖန်တီးလို့ ရမယ့် အခွင့်အရေး တရပ် ပိုင်ဆိုင်ခဲ့ပေမယ့် ၊ တုန့်ဆိုင်းခဲ့ပါတယ် ။ ဒုတိယပိုင်းမှာလည်း ရိစ်ဂျိမ်းစ်ရဲ့ အတိုဘော ဖြတ်ပေးမှုကို ဘယ်ခြမ်းက တက်လာတဲ့ အူဘားမီးယန်း အတွက် လွှတ်ပေးလို့ ရပေမယ့် ၊ ကိုယ်တိုင် ကန်သွင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ဂိုးပေါက်နဲ့လည်း မနီးစပ်ခဲ့ပါဘူး ။

ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးပေါက် စတွေ့ခဲ့တဲ့ အူဘားမီးယန်းကတော့ သူ့ရဲ့ ဂိုးသွင်း စွမ်းရည်ကို ဆက်လက် ပြသခဲ့ပြီး ၊ ရိစ်ဂျိမ်းစ်ရဲ့ ဖြတ်ပို့မှုကို အမှားအယွင်း မရှိ အဆုံးသတ်ခဲ့ပါတယ် ။ ပိုပြီး အားရစရာကောင်းတာက ၄င်းရဲ့ နေရာယူပုံတွေ ဖြစ်ပြီး ၊ ဂိုးရနိုင်မယ့် အနေအထားတိုင်းမှာ အူဘားမီးယန်း အချိန်မှန် နေရာမှန် ရှိနေခဲ့ပါတယ် ။

ူလူစားဝင် ကစားသမားများ – ထရက်ဗာ ချာလိုဘာ ( Rating – 7 ) ၊ ကော်နာ ဂေါ်လဂါ ၊ ဂျော်ဂျင်ဟို ၊ ကိုင်ဟာဗက်ဇ် ၊ အာမန်ဒို ဘရိုဂျာ ( Rating – 6 )

ဒဏ်ရာ ရခဲ့တဲ့ ဖိုဖာနာကြောင့် မိနစ် အများဆုံး လူစားဝင် ကစားခွင့် ရခဲ့တဲ့ ချာလိုဘာ ကတော့ ဖိုဖာနာထက်ကတောင် ခံစစ် စွမ်းဆောင်ရည် ပိုကောင်းခဲ့ပြီး ၊ ရာဖေးလ် လီယောင်ကို တိတ်ဆိတ်အောင် လုပ်ပြနိုင်ခဲ့ပါတယ် ။ အခြား လူစားဝင် ကစားသမားတွေကတော့ ပွဲထိန်းဖို့နဲ့ ပွဲကစားခွင့် ရစ်သမ် အတွက် ဦးတည်ခဲ့ပြီး ၊ ကိုယ့်တာဝန် ကိုယ်ကျေခဲ့ကြပါတယ် ။

SPORTS MYANMAR