အလက်ဇန်းဒါးအာနိုး ပုံစံကောင်းပြသနိုင်ဖို့ အတွက် ကွင်းထဲမှာ ရှိနေဖို့ လိုအပ်တဲ့ လီဗာပူးကစားသမားကို ပြောပြလိုက်တဲ့ အို၀င် နဲ့ ဖာဒီနန်

BT Sports ရဲ့ အစီအစဉ် တင်ဆက်သူတွေ ဖြစ်ကြတဲ့ မိုက်ကယ်အို၀င် နဲ့ ရီယိုဖာဒီနန် တို့က လီဗာပူး ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးဟာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ကွင်းထဲမှာ ရှိနေတဲ့ အခါမှာ လီဗာပူး အတွက် ခြားနားတဲ့ ကစားသမား ဖြစ်သွားသလိုပဲလို့ သုံးသပ်လိုက်ပါတယ်။ ညာနောက်ခံလူ အလက်ဇန်းဒါးအာနိုးဟာ ဒီရာသီ ပုံစံကောင်းတွေ ပျောက်ဆုံးနေမှု အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူး ညာနောက်ခံလူဟာ အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ်ရဲ့ နှစ်သက်မှုကို ရထားသူ မဟုတ်ဘဲ လက်ရွေးစင် အသင်းရဲ့ ညာနောက်ခံလူ နေရာ အတွက် ရိစ်ဂျိမ်း ထရစ်ပီးယား တို့က ဦးစားပေး အဖြစ် ရှိနေကာ အလက်ဇန်းဒါးအာနိုးဟာ ပြီးခဲ့တဲ့ Nations League ပွဲစဉ်တွေမှာ တစ်မိနစ်မှ ကစားခွင့် မရခဲ့ပါဘူး။ ဒါပေမယ့်လည်း ကလော့ရဲ့ တိုက်စစ် အသားပေး ကစားဟန်မှာတော့ အလက်ဇန်းဒါးအာနိုးဟာ အထူး အရေးပါတဲ့သူ အဖြစ် အသုံးပြုခြင်း ခံနေရပြီး လီဗာပူး အကယ်ဒမီထွက် ကစားသမားဟာ သူ့ရဲ့ တိုက်စစ် အရည်အသွေးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ရိန်းဂျားနဲ့ ပွဲစဉ်မှာ ပြသခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ လီဗာပူး အတွက် အဖွင့်ဂိုးကို ဖရီးကစ်ကနေ တဆင့် လှပစွာ ကန်သွင်းယူခဲ့သလို တိုက်စစ်ပိုင်းမှာ key pass များစွာကိုလည်း လုပ်ပေးနိုင်ခဲ့ပါတယ်။ ဖာဒီနန် နဲ့ အို၀င် တို့ကတော့ အလက်ဇန်းဒါးအာနိုးကို အကောင်းဆုံး ပုံစံ ပြသနိုင်အောင် ဟန်ဒါဆန်က များစွာ ကူညီပေးခဲ့တယ်လို့ ယူဆနေပါတယ်။

ဖာဒီနန်က “ဘောလုံးရှိနေတဲ့ အချိန်မှာ အလက်ဇန်းဒါးအာနိုးဟာ တကယ့် မှော်ဆရာပါ။ ပြီးခဲ့တဲ့ ရာသီတွေက သူလုပ်ပြခဲ့တဲ့ ကိန်းဂဏန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီနိုင်ငံရဲ့ full back တွေထဲမှာ ဒီလို လုပ်ပြထားတဲ့သူမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပါဘူး။ ဒီနေရာမှာ သူဟာ မော်ဒန်ခေတ်ရဲ့ full-back လို့ ဆိုနိုင်ပါတယ်။ မေးခွန်းထုတ်စရာ ကတော့ သူ့ရဲ့ ခံစစ် ကစားဟန် ဖြစ်ပါတယ်။ ကွင်းထဲမှာ အာရုံစူးစိုက်မှု လျော့ကျတက်ခြင်းဟာ အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါ၀င်နေမယ် ဆိုတာ သူကိုယ်တိုင် ၀န်ခံလောက်ပါတယ်။

ဒါပေမယ့် သူ တိုက်စစ်ပိုင်း လိုက်ပါ ကစားတဲ့ အခါ ကျန်ခဲ့တဲ့ နေရာလွတ်ကို ဂျော်ဒန်ဟန်ဒါဆန်က ကောင်းကောင်း ကာကွယ်ပေးထားပါတယ်။ အလက်ဇန်းဒါးအာနိုး အကောင်းဆုံး ပုံစံ ပြသနိုင်တဲ့ နေရာမှာ ဒီကိစ္စက အဓိက အချက် အနေနဲ့ ပါ၀င်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ သုံးသပ်ခဲ့ပါတယ်။

အို၀င်ကလည်း ဟန်ဒါဆန်ဟာ အလက်ဇန်းဒါးအာနိုး တိုက်စစ်ကို လိုက်ပါ ကစားတဲ့ အချိန်မှာ ၎င်းနေရာကို ဖြည့်ကစားပေးနေတယ်လို့ ပြောခဲ့ပါတယ်။

အို၀င်က “တိုက်စစ်ကို လိုက်ပါ ကစားတဲ့ အချိန်မှာ ကိုယ့်ရဲ့ နောက်မှာ လုံခြုံမှု ရှိနေတာဟာ တကယ့်ကို ကောင်းလှတဲ့ အရာ ဖြစ်ပါတယ်။ သူဟာ တိုက်စစ်ကို လိုက်ပါ ကစားလေ့ရှိသူ ဖြစ်တာကြောင့် နေရာလွတ်က ကျန်ခဲ့မှာပါ။ ဒါပေမယ့် တစ်စုံတစ်ဦးက ဒီနေရာကို ဖြည့်ကစားပေးတဲ့ အချိန်မှာ သူ့အနေနဲ့ နောက်က ကိစ္စတွေကို စိတ်ပူစရာ မလိုတော့ပါဘူး။ ဒါဟာ သူ ခြေစွမ်းပြနိုင်ခြင်းရဲ့ အဓိက အကြောင်းရင်းပါ။ ဂျော်ဒန်ဟန်ဒါဆန် ကွင်းထဲမှာ ရှိနေတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ ခြားနားတဲ့ အလက်ဇန်းဒါးအာနိုးကို မြင်တွေ့ရပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM