အသင်းဟောင်း ၂သင်း ထိပ်တိုက်တွေ့ဆုံမယ့် ချဲလ်ဆီး – အေစီမီလန် ချန်ပီယံလိဂ် Big Match အပေါ် သုံးသပ်လိုက်တဲ့ ရှက်ဗ်ချန်ကို

ယနေ့ညမှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် ၃ ဆက်ကစားဖို့ ရှိရာ ၊ အုပ်စု E မှ ချဲလ်ဆီး အသင်းနဲ့ အေစီမီလန် အသင်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကို ပရိသတ် အများစု စောင့်ကြည့်ကြဖို့ ရှိပါတယ် ။ ချန်ပီယံလိဂ်ရဲ့ ဒုတိယ အအောင်မြင်ဆုံး ကလပ် ဖြစ်တဲ့ အေစီမီလန် ဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာမှ ချဲလ်ဆီး အသင်းနဲ့ ပထမဆုံး အကြိမ် ပြန်လည် ဆုံတွေ့မှာ ဖြစ်ပါတယ် ။

လက်ရှိ စီးရီးအေ ချန်ပီယံ အေစီမီလန် ဟာ ဒီရာသီမှာလည်း ပြည်တွင်းလိဂ် သရဖူ ဆက်ထိန်းနိုင်ဖို့ ပစ်မှတ်ထားရုံတင်မက ၊ ချန်ပီယံလိဂ်မှာပါ ပိုပြီး မြင့်မားတဲ့ အဆင့် တဆင့်ဆီ တက်လှမ်းနိုင်ဖို့ ကြိုးစားနေပါတယ် ။ အုပ်စု E ကို ဦးဆောင်နေတဲ့ မီလန် အဖို့ ယနေ့ညမှာ တမှတ်သာ ရထားသေးတဲ့ ချဲလ်ဆီးကို ဘယ်လိုဘယ်ပုံ ချဉ်းကပ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

အိမ်ရှင် ချဲလ်ဆီးကတော့ ရှေ့ချန်ပီယံလိဂ် အုပ်စု ၂ပွဲမှာ ခြေစွမ်းပိုင်း အရရော ရလဒ်ပိုင်း အရပါ အားရစရာ ဘယ်လိုမှ မရှိတာကြောင့် ၊ ယနေ့ညမှာ အနိုင် ၃မှတ် အပြည့်ရဖို့ မဖြစ်မနေ ကြိုးစားရမှာ ဖြစ်ပါတယ် ။ နည်းပြသစ် ဂရေဟမ် ပေါ်တာဟာ ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲမှာ ပထမဆုံး နိုင်ပွဲ ရထားတာကြောင့် ၊ ထိုမှတ်တမ်းကောင်းကို ဆက်ထိန်းဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီးမှာရော ၊ အေစီမီလန်မှာပါ ကစားခဲ့ဖူးတဲ့ ယူကရိန်း ဂန္တဝင် တိုက်စစ်မှူးဟောင်း အန်ဒရေ ရှက်ဗ်ချန်ကို က ယနေ့ညမှာ ၄င်းရဲ့ အသင်းဟောင်း ၂သင်း ထိပ်တိုက် တွေ့ဆုံမယ့် ချန်ပီယံလိဂ် Big Match နဲ့ ပတ်သက်ပြီး အခုလိုပဲ သုံးသပ်ခဲ့ပါတယ် ။

ရှက်ဗ်ချန်ကို က ” မီလန်ဟာ ကစားပုံကောင်းပြီး ၊ ယုံကြည်မှု ပြည့်နေပါတယ် ။ သူတို့ဟာ အရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ် ကစားတတ်ပြီး ၊ ပွဲအပေါ် စီမံခန့်ခွဲပုံလည်း ကောင်းပါတယ် ။ ပွဲရလဒ် အပြောင်းအလဲ ဖြစ်စေနိုင်မယ့် အရည်အသွေးမြင့် ကစားသမားတွေလည်း ရှိပါတယ် ။ ”

” မီလန်ဟာ လူတွေ နှစ်သက်တဲ့ မော်ဒန်ဘောလုံး ကစားပုံစတိုင်လ်မျိုး အသုံးပြုပြီး ၊ တိုက်စစ် အသားပေး ပုံစံနဲ့ ကစားလေ့ရှိပါတယ် ။ ဒါ့အပြင် သူတို့ဟာ ပွဲရဲ့ အခြေအနေ အပေါ် မူတည်ပြီး ဘယ်လို အပြောင်းအလဲလုပ် ကစားရမယ် ဆိုတာလည်း သိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

” အင်္ဂလိပ် ကလပ်တွေနဲ့ ရင်ဆိုင်ရတာဟာ အမြဲ ခက်ခဲတတ်တာကြောင့် အဲဒီပွဲက ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်ခဲ့ပါတယ် ။ အဲဒီတုန်းကတော့ ကျွန်တော်တို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဂိုးမရှိသရေကျခဲ့ပါတယ် ။ အခု ချဲလ်ဆီး – မီလန် ပွဲကတော့ ကွဲပြားခြားနားပါလိမ့်မယ် ။ ”

” လက်ရှိ ကလပ် ၂သင်း အကြား တည်ဆောက်ပုံမှာလည်း ကွာခြားမှုတွေ ရှိပါတယ် ။ မီလန်ဟာ နောက်ပိုင်းနှစ်တွေမှာ သူတို့ရဲ့ ခြေစွမ်း အဆင့်အတန်းကို မြှင့်တင်နိုင်ခဲ့တာကြောင့် ၊ ဒီပွဲကို အကြိတ်အနယ် ရှိမယ့် ပွဲတပွဲ အဖြစ် ကျွန်တော် မျှော်မှန်းထားပါတယ် ။ ”

” ဒီပွဲက အရမ်းဟော့ပြီး ဖျော်ဖြေမှု ပေးမယ့် ပတ်ဝန်းကျင် တခု ဖြစ်လာပါလိမ့်မယ် ။ ချဲလ်ဆီးက ဒီပွဲကို အနိုင်ရဖို့ လိုတာကြောင့် ၊ tempo မြှင့်ကစားမှာ ဖြစ်ပေမယ့် ၊ မီလန်မှလည်း အရည်အသွေးမြင့် ကစားသမားတွေ ရှိပါတယ် ။ ချဲလ်ဆီး အတွက် ကစားပေးခဲ့ဖူးတဲ့ ဂျရူး အတွက်တော့ ဒါက စပါယ်ရှယ် ပွဲတပွဲ ဖြစ်လာပါလိမ့်မယ် ။

သူဟာ ဒီရာသီမှာ အထူး ခြေစွမ်းပြနေပြီး ၊ ပွဲရဲ့ ဗဟိုချက် ဖြစ်လာပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR