သူ့လက်အောက် တမိနစ်မှ မကစားရသေးတဲ့ ချဲလ်ဆီး စတား တဦးထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတာ တလနီးနီးသာ ရှိသေးတဲ့ အင်္ဂလိပ်လူမျိုး နည်းပြ ဂရေဟမ် ပေါ်တာ ဟာ အသင်းသား အားလုံးနဲ့ သဟဇာတ ဖြစ်အောင် ကြိုးစားနေပြီး ၊ ယခင် နည်းပြဟောင်း သောမတ်စ် တူချယ် လက်ထက်မှာ နေရာ မရခဲ့တဲ့ ကစားသမား အချို့ကို အခွင့်အရေး ပေးနိုင်ဖို့ လုပ်ဆောင်လျက် ရှိပါတယ် ။

ကစားသမား အများစုကတော့ ပေါ်တာ လက်ထက်မှာ ကစားခွင့် မိနစ်တွေ ကိုယ်စီ ရထားပေမယ့် ၊ တမိနစ်မှ မကစားရသေးတဲ့ အသင်းသား အနည်းစုမှာတော့ ယခုနှစ် နွေရာသီ စျေးကွက် အတွင်း ချဲလ်ဆီးတို့ရဲ့ ဒုတိယမြောက် ခေါ်ယူမှု ဖြစ်တဲ့ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကာလီဒူ ကူလီဘာလီပဲ ဖြစ်ပါတယ် ။

ဂရေဟမ် ပေါ်တာ ဟာ ကိုင်တွယ်ခဲ့တဲ့ ရှေ့ပွဲစဉ် ၂ပွဲမှာ ၃ယောက်တန်း ခံစစ် ၊ ၄ယောက်တန်း ခံစစ် နည်းစနစ် ၂မျိုး အပြောင်းအလဲလုပ် သုံးခဲ့ပေမယ့် ၊ ကူလီဘာလီကိုတော့ ထိုကစားကွက်တွေထဲမှာ ထည့်သွင်း စမ်းသပ်ခဲ့ခြင်း မရှိပါဘူး ။ ဒီရာသီမှာမှ ပရီးမီးယားလိဂ်နဲ့ စတင် ထိတွေ့ရတာကြောင့် ကူလီဘာလီကို အဖွင့် ၂ပွဲမှာ ဂရေဟမ် ပေါ်တာ တယောက် ချက်ချင်း နေရာ မပေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂရေဟမ် ပေါ်တာက အသက် ၃၁နှစ် အရွယ်ရှိ ကူလီဘာလီနဲ့ ပတ်သက်ပြီး အားရကျေနပ်မှု အပြည့် ရှိကြောင်း ပြောဆိုရင်း ၊ ၄င်းကို လုံးဝ ချန်လှပ်ထားတာမျိုး မရှိသလို ၊ အနာဂတ်မှာ ကစားခွင့်တွေ ရလာလိမ့်မယ်လို့ အာမခံချက်ကြောင်း မက်ဆေ့ခ်ျ ပေးခဲ့ပါတယ် ။

ပေါ်တာ က ” ပထမဆုံး အနေနဲ့ ကျွန်တော် သူနဲ့ ပတ်သက်ပြီး အမှန်တကယ် အားရကျေနပ်မှု ရှိတဲ့ အကြောင်း ပြောပါရစေ ။ လူပုဂ္ဂိုလ် တဦး အနေနဲ့ သူဟာ ရိုးသားမှု ရှိပြီး ၊ အခုအချိန်မှာ ကစားခွင့် ရဖို့ အချိန် အနည်းငယ် စောင့်ဆိုင်းရမယ် ဆိုတာလည်း သူ နားလည်ထားပါတယ် ။ ကစားသမားတိုင်းကတော့ ပွဲကစားခွင့် မရရင် မပျော်ရွှင်ဘူးပဲ ပြောမှာပါ ။ ”

” အဲဒီနောက် ခင်ဗျားရဲ့ တုန့်ပြန်မှုက ဘယ်လိုရှိလဲ ဆိုတာ ကြည့်ရမှာ ဖြစ်ပြီး ၊ ကာလီဒူရဲ့ တုန့်ပြန်မှုကတော့ အံ့သြစရာကောင်းပါတယ် ။ သူဟာ အရမ်း ပြင်းပြင်းထန်ထန် ကြိုးစား လေ့ကျင့်နေပါတယ် ။ သူဟာ ကိုယ်နဲ့ ကစားပုံ လိုက်ဖက်တဲ့ ကလပ်နဲ့ လိဂ်ကနေ ဒီကို ပြောင်းရွှေ့လာတာ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်မှာ ချက်ချင်း အသားကျဖို့က မလွယ်ပါဘူး ။ ”

” ကလပ်မှာကလည်း အပြောင်းအလဲများစွာ ဖြစ်ထားတာကြောင့် ၊ အခြေအနေတွေက သူ့အတွက် ပြီးပြည့်စုံမှုတော့ မရှိနေပါဘူး ။ ဒါပေမယ့် သူဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ပြီး ၊ ထိပ်တန်း အရည်အသွေးတွေ ပိုင်ဆိုင်ထားတာကြောင့် အသင်း အတွက် အရေးပါတဲ့ အခန်းကဏ္ဍ တရပ်မှာ ပါဝင်လိမ့်မယ် ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယနေ့ညမှာ ချဲလ်ဆီး ဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ အဖြစ် အေစီမီလန် အသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိတာကြောင့် ၊ ပေါ်တာဟာ စီးရီးအေ အသင်းတွေနဲ့ ၈နှစ်တာ အတွေ့အကြုံ ရှိထားတဲ့ ကူလီဘာလီကို ပထမဆုံး အကြိမ် ထုတ်သုံးဖို့ အလားအလာ များနေပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ကူလီဘာလီ က နည်းပြသစ် လက်ထက် ကစားခွင့် တမိနစ်မှ မရသေးခြင်းနဲ့ ပတ်သက်ပြီး ” မန်နေဂျာသစ် လက်အောက်မှာ ကျွန်တော် ကစားခွင့် လုံးဝ မရထားတာ အမှန်ပါပဲ ။ ဒါပေမယ့် ကျွန်တော် အေးဆေးပါပဲ ။ ကျွန်တော့ရဲ့ ကစားခွင့်တွေ မကြာမီ ရောက်လာလိမ့်မယ် ဆိုတာ နားလည်ထားပါတယ် ။ ကျွန်တော်တို့ ကစားရမယ့် ပွဲတွေက အများကြီးပါ ။ ”

” ထရိန်နင်မှာတော့ ကျွန်တော် အရာရာ ကြိုးစား သွားပါမယ် ။ ကျွန်တော်ဟာ အလုပ် အရမ်း ကြိုးစားသူ တယောက် ဖြစ်ပြီး ၊ ကစားခွင့် မရတဲ့အခါ ထရိန်နင်မှာ ပိုပြီး အားထည့် လေ့ကျင့်တတ်ပါတယ် ။ လောလောဆယ်တော့ ကစားခွင့် ရဖို့ ကျွန်တော် ကြိုးစားနေဆဲ ဖြစ်ပြီး ၊ မန်နေဂျာက ကျွန်တော့ကို ပထမဆုံး အခွင့်အရေး ပေးနိုင်ဖို့ ထရိန်နင်မှာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အသွေးတွေ ထုတ်ပြထားပါတယ် ။”

” ကျွန်တော့ အတွက် အရေးကြီးဆုံးကတော့ မနက်ဖြန် ချဲလ်ဆီး အသင်း အနိုင်ရဖို့ ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ ချန်ပီယံလိဂ် အုပ်စု အရှေ့ ၂ပွဲမှာ ကျွန်တော်တို့ တပွဲရှုံး ၊ တပွဲသရေ ရလဒ်တွေသာ ပိုင်ဆိုင်ခဲ့လို့ပါ ။ ဒီတော့ မနက်ဖြန်မှာ နိုင်ပွဲ စရဖို့ ကျွန်တော်တို့ အရာရာ ပေးဆပ် ကစားသွားဖို့ လိုပြီး ၊ အဲလို လုပ်နိုင်ဖို့လည်း မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR