ရိန်းဂျားနဲ့ပွဲစဉ်မှာ ကစားကွက် အသစ်ကို ထုတ်သုံးသွားခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က မနေ့ညက ရိန်းဂျားနဲ့ ပွဲစဉ်မှာ သူပုံမှန် သုံးစွဲနေကြဖြစ်တဲ့ ၄-၃-၃ ကစားကွက်ကို စွန့်လွှတ်ကာ လီဗာပူးတို့ ကစားကွက် ပြောင်းလဲကစားခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်ပါတယ်။ ဒီရာသီမှာ ခံစစ်ပိုင်းရဲ့ ကစားပုံက ကျဆင်းလျက် ရှိနေတာကြောင့် ဂျာမန် နည်းပြဟာ ကွင်းလယ်လူ ဖာဘင်ညိုကို အရန်ခုံ ပို့ကာ လူး၀စ်ဒီယက် ဒီယိုဂိုဂျိုတာ မိုဆာလား ဒါ၀င်နူးနက် တို့ကို တိုက်စစ်မှာထားကာ ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီပွဲစဉ်မှာ ကစားကွက် ပိုမို ကျစ်လစ်လာတာကို မြင်တွေ့ခဲ့ရသလို ဟန်ဒါဆန် တီယာဂို ကွင်းလယ်အတွဲကလည်း ခံစစ် နဲ့ တိုက်စစ်ကို ကောင်းစွာ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ ပျောက်ဆုံးနေတဲ့ ပြိုင်ဘက်ကို ထိန်းချုပ်ကစားသွားနိုင်မှု ကိုလည်း ပြန်လည် တွေ့ရှိခဲ့ရပြီး ရိန်းဂျား ဂိုးသမားသာ လက်စွမ်းမပြခဲ့ဘူး ဆိုရင် အနည်းဆုံး ၅ ဂိုးလောက် ရခဲ့မှာ ဖြစ်ပါတယ်။ ပွဲအပြီးမှာ ကလော့က သူ့အသင်းဟာ system အသစ်နဲ့ session တစ်ခုသာ လေ့ကျင့်ထားခဲ့တယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

ဒါ့အပြင် ကလော့က ဒီလို ကစားကွက် ပြောင်းလဲခြင်းဟာ အန်ဖီးမှာ ရိန်းဂျားရဲ့ set-up ကို တုန့်ပြန်သွားဖို့ မဟုတ်ဘဲ ဒီရာသီ သူ့အသင်းရဲ့ ရုန်းကန်နေရမှုကို တုန့်ပြန်ခဲ့တာ ဖြစ်တယ်လို့ ရှင်းပြလိုက်ပါတယ်။

ကလော့က “ကစားကွက် အသစ်မှာ ကျွန်တော်တို့ရဲ့ ခံစစ် ကစားပုံဟာ တကယ့်ကို ကောင်းခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း ကျွန်တော်တို့ အခွင့်အရေး များစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော် ဒီကစားပုံကို တအား နှစ်သက်ပါတယ်။ ဒီကစားကွက် အသစ်နဲ့ session တစ်ခုသာ အလုပ်လုပ်ခဲ့ပေမယ့်လည်း တိုက်စစ်က ကောင်လေးတွေ အတူ ရွေ့လျား ကစားသွားခဲ့မှုဟာ တအားကို ကောင်းလွန်းခဲ့ပါတယ်။ ကျွန်တော်တို့ အရင်တုန်းက ဒါမျိုး တစ်ခါမှ မလုပ်ဖူးခဲ့ပါဘူး။ session တစ်ခုကို intensity နိမ့်နိမ့်နဲ့ လေ့ကျင့်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပွဲကစားထားတာ ရက်ပိုင်းပဲ ရှိနေလို့ပါ။

ကစားကွက် အပြောင်းအလဲဟာ ပြိုင်ဘက်ရဲ့ set-up နဲ့ မသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ အတွက်ဆို ပိုပြီး မှန်ပါတယ်။ ကျွန်တော်တို့ ပုံမှန်နဲ့ ကွဲပြားတဲ့ ပုံစံနဲ့ ခံစစ် ကစားချင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံဟာ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ကြည့်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခံစစ် ကစားပုံကို ဝေဖန်သူတွေဟာ High line ကိုပဲ ထောက်ပြခဲ့ကြပါတယ်။ ဒီရာသီမှာ ပြိုင်ဘက် အသင်းတွေဟာ ကျွန်တော်တို့ ဘက်ကို အခွင့်အရေးတွေ များစွာ ဖန်တီးနိုင်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ အသင်းရဲ့ set-up ကို အပြောင်းအလဲ လုပ်ခဲ့တာပါ။ နေရာလွတ်တွေကို ပိတ်ဆို့ခဲ့တာပေါ့။

ရိန်းဂျားရဲ့ ဘယ်ခြမ်းတိုက်စစ်ဟာ ဖန်တီးမှုအားကောင်းတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အဆုံးသတ်ပိုင်းတွေမှာ တာဗာနီးယား ကလည်း တအားကို ခြိမ်းခြောက်နိုင်ပါတယ်။ ဒါ့ကြောင့် ကစားကွက် ပြောင်းလဲမှုဟာ ဒါနဲ့လည်း အနည်းငယ် သက်ဆိုင်ပါတယ်။ ဒါကလွဲပြီး ကျန်တာတော့ မရှိပါဘူး။”

ဆက်လက်ပြီး ကလော့က “ရိန်းဂျားဟာ နာပိုလီနဲ့ပွဲမှာ နောက်တန်း ငါးယောက် ကစားကွက်ကို သုံးခဲ့ပါတယ်။ အိုင်ယက်နဲ့ပွဲမှာ သူတို့ဟာ ကစားကွက် အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားကွက် ၂ ခု အတွက် ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ set-up ကတော့ ဒီညမှာ သူတို့ကို တအား အံ့အားသင့်စေတယ်လို့ ထင်ပါတယ်။ ဒါကတော့ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ set-up ဟာ ခံကစားရတာ ခက်ခဲပါတယ်။ ဒီယိုဂိုဟာ between the line ကြားမှာ ကောင်းကောင်း လှုပ်ရှား ကစားသွားခဲ့ပြီး နူးနက်က လူတွေကို ဆွဲဆွဲထုတ်ခဲ့ပါတယ်။ ရိန်းဂျားနဲ့ အဝေးကွင်း ပွဲစဉ်မှာ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရတာပေါ့။

ကျွန်တော်တို့ သူတို့ဟာ တအား လေးစားပါတယ်။ ဒါဟာ ခြားနားတဲ့ ပွဲဆိုတာ သိပါတယ်။ ကျွန်တော်တို့ ဒီနေ့မှာ ဟာကွက် မရှိခဲ့ပါဘူး။ ၂-၀ ဆိုတာ ရလဒ်ကောင်းဖြစ်ပြီး ခက်ခက်ခဲခဲ တိုက်ပွဲ၀င်ခဲ့ရတာပါ။ ဒီကနေ စတင်တာပေါ့။” လို့ ဆိုသွားပါတယ်။

SM