ဘောင်ကျော်တဲ့ မေးခွန်းတွေမေးလို့ နဗီးလ် ကို စိတ်ဆိုးခဲ့တဲ့ မက်ဒီဆင်

လက်စတာ စီးတီး အသင်းရဲ့ ကွင်းလယ်လူ ဂျိမ်းစ် မက်ဒီဆင် ဟာ အင်္ဂလန် လက်ရွေးစင် အသင်း ကိစ္စ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အထိ စွက်ဖက် မေးမြန်းခဲ့တဲ့ ဂယ်ရီ နဗီးလ် ကို တုန့်ပြန် ပြောဆို သွားခဲ့ ပါတယ် ။

မက်ဒီဆင် ဟာ တနင်္လာနေ့ ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လက်စတာ အတွက် အထူး ခြေစွမ်းပြ ကစားခဲ့ပြီး ကိုယ်တိုင် ၂ ဂိုး သွင်းသလို အသင်းဖော် အတွက် တဂိုးလည်း ဖန်တီးပေးခဲ့ ပါတယ် ။

မက်ဒီဆင် ဟာ ဖရီးကစ် ကနေ လှပတဲ့ သွင်းဂိုး ၁ ဂိုးကို သွင်းယူပေးခဲ့ပြီး မနှစ်က ဘောလုံး ရာသီက စတင် ရေတွက်ပါက မက်ဒီဆင် ရဲ့ ဂိုးပါဝင်ပတ်သက်မှု ဟာ အခြား အင်္ဂလန်သား တိုက်စစ်သမားတွေ ( တိုက်စစ်မှူး မပါ ) ထက် သာလွန် ကောင်းမွန် နေခဲ့ပါတယ် ။

ဒါပေမယ့် လက်စတာ ရဲ့ အဓိက ကစားသမားဟာ ဂါရတ် ဆောက်ဂိတ် ရဲ့ အင်္ဂလန် အသင်းမှာတော့ ရွေးချယ် မခံရပါဘူး ။ မက်ဒီဆင် ဟာ လက်ရွေးစင် အသင်းမှာ ၁ ကြိမ်သာ ပါဝင် ကစားခွင့် ရရှိထားပြီး လာမယ့် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် လူစာရင်းမှာလည်း ကျန်ရစ် ခဲ့နိုင်တယ်လို့ သုံးသပ် ခံထားရသူ ဖြစ်ပါတယ် ။

Sky Sports မှာ ဘောလုံး အစီအစဉ် တင်ဆက်သုံးသပ်သူ အဖြစ် လုပ်ကိုင် နေတဲ့ ဂယ်ရီ နဗီးလ် ဟာ ပွဲအပြီးမှာ မက်ဒီဆင် ကို အင်တာဗျူး ခဲ့ပြီး အင်္ဂလန် အသင်းနဲ့ ပတ်သက်တဲ့ အကြောင်းအချို့ ပါဝင်ခဲ့ ပါတယ် ။

အဲ့ဒိအထဲမှာ မက်ဒီဆင် ကို မရွေးချယ်တာဟာ ကစားသမားရဲ့ ခရီးသွားလာမှုနဲ့ သက်ဆိုင်တာကြောင့်လား ဆိုတဲ့ မေးခွန်း ပါဝင်သွားခဲ့ ပါတယ် ။

“ကျွန်တော့ ဘဝမှာ အခုလောက်ထိ ကိုယ်ရေး ကိုယ်တာကို စွက်ဖက်တဲ့ မေးခွန်းမျိုး မတွေ့ခဲ့ဖူး ပါဘူး ။ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ၊ ကျွန်တော့ရဲ့ ပရော်ဖက်ရှင်နယ်ကို ထိခိုက်စေတဲ့ မေးခွန်းမျိုးပါ ။ တကယ် စိတ်ပျက်စရာပါပဲ” လို့ မက်ဒီဆင် က တုန့်ပြန် ပြောဆိုခဲ့ ပါတယ် ။

ဆက်လက်ပြီး အင်္ဂလန် အသင်းမှာ ပါဝင်နိုင်ချေ ရှိမရှိနဲ့ ပတ်သက်ပြီး “အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကျွန်တော့ဘက်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်အ၀ ရှိနေပါတယ် ။ ကျွန်တော့လမ်း အတိုင်းပဲ ကျွန်တော် လျောက်မှာပါ” လို့ မက်ဒီဆင် က ပြောပြသွားခဲ့ ပါတယ် ။

လက်စတာ စီးတီး နည်းပြ ဘရန်ဒန် ရော်ဂျာ ကတော့ မက်ဒီဆင် ကို အင်္ဂလန် လက်ရွေးစင် အသင်းမှာ သေချာပေါက် ရွေးချယ်သင့်တယ်လို့ ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

လာမယ့် အပတ်ထဲမှာ ကမ္ဘာ့ဖလား အတွက် ကနဦး ကစာသမား စာရင်းကို ထုတ်ပြန်မှာ ဖြစ်ပြီး အဆိုပါထဲကမှ နောက်ဆုံး ၂၆ ဦး ( ယခုပြိုင်ပွဲတွင် ၂၃ မှ ၂၆ ဦးအထိ တိုးမြှင့်ခွင့်ပြုထား ) ကို အပြီးသတ် ပြန်လည် ရွေးချယ် သွားမှာ ဖြစ်ပါတယ် ။

“မက်ဒီဆင် ကို ( အင်္ဂလန် အသင်းမှာ ) မရွေးရင်တော့ ဒါဟာ သူတို့ နိုင်ငံ အတွက် ရှက်စရာပါပဲ ။ မက်ဒီဆင် အတွက်လည်း သိက္ခာကျစရာ ဖြစ်လာနိုင်ပါတယ် ။ သူ့ရဲ့ အရည်အသွေး နဲ့ လုပ်နိုင်စွမ်းကို အားလုံး မြင်ထားပြီး ကြပါပြီ ။ ဂျိမ်းစ် က တကယ်ကို ကောင်းတဲ့ ဘောလုံးသမားပါ ။ ကမ္ဘာ့ဖလားမှာ သူပါဝင်ဖို့ ထိုက်တန်ပါတယ်” လို့ ရော်ဂျာ က ချီးမွမ်းပြောဆို သွားခဲ့ ပါတယ် ။

နော်တင်ဟမ် ဖောရက်စ် ကို ၄-၀ နဲ့ အနိုင်ရရှိတဲ့ ပွဲဟာ လက်စတာ အတွက် အခု ရာသီ ပရီးမီးယားလိဂ် မှာ ပထမဆုံး နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပြီး တန်းဆင်းဇုန် ထဲကနေ ပြန်လည် ရုန်းထွက်ဖို့ အတွက် စိတ်ဓါတ် ခွန်အားတွေ ရရှိ စေခဲ့ ပါတယ် ။

လာမယ့် အပတ်မှာတော့ လက်စတာ ဟာ ဘုန်းမောက် အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားရမှာပါ ။

 

SPORTS MYANMAR