” ကျွန်တော်တို့အတွက် မာရာဒိုနာ ဂုဏ်ယူ နေပါလိမ့်မယ် ” အိုင်းယက်စ် ကို အဝေးကွင်းမှာ ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲအပြီး နည်းပြ စပယ်လက်တီ ရဲ့ ပြောစကားများ

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ် (၃) တွင် စီရီးအေ ကလပ် နာပိုလီ အသင်းဟာ အဝေးကွင်းမှာ အိုင်းယက်စ် အသင်းကို ၁-၆ နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပြီး သုံးပွဲ ကစား သုံးပွဲ နိုင်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ အခြေအနေ ကောင်းသွား ခဲ့ပြီ ဖြစ်ပါတယ် ။

အိုင်းယက်စ် အသင်းဟာ ကူဒက်စ် ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပေမယ့် နာပိုလီ အသင်းဘက်က ရက်စ်ပါဒိုရီ ၊ လော်ရန်ဇို ၊ ဇီလင်စကီး တို့က ဂိုးတွေ ပြန်သွင်း ခဲ့တာကြောင့် ပထမပိုင်းကတည်းက ၁-၃ ဖြစ်နေခဲ့တာပါ ။ ဒုတိယပိုင်းမှာတော့ အိုင်းယက်စ် ဘက်က တာဒစ် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ် ခံရတာကြောင့် ဧည့်သည်တို့အတွက် easy game ဖြစ်သွားခဲ့ပြီး ရက်စ်ပါဒိုရီ ၊ ကာဗရာ ၊ ဆီမြွန်နီ တို့က ဂိုးတွေ ထပ်မံ သွင်းယူ ပေးခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ နာပိုလီ နည်းပြ စပယ်လက်တီ က ” အိုင်းယက်စ် ရဲ့ အိမ်ကွင်းလို ပရိသတ်တွေရဲ့အသံ ဟိန်းနေတဲ့ ကွင်းကြီးထဲမှာ တစ်ဂိုး ပေးထားရာကနေ ပြန်လိုက်ကစားနိုင်ဖို့ pressing ပြန်လုပ်နိုင်ဖို့ဆိုတာက လွယ်ကူတဲ့ အရာတော့ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အသင်း အတွက် အများကြီး ခက်ခဲမှု ဖြစ်စေခဲ့ပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့် အသင်းက လုပ်ရမယ့် အရာတွေကို လုပ်နိုင် ခဲ့ပါတယ် ။ ပြိုင်ဘက် ကို ဘယ်တော့မှ လွှမ်းမိုးခွင့် ၊အနိုင်ယူခွင့် မပေးဘဲ ကစားသွား ခဲ့တာပါ ။ ရလဒ် ထက် ပိုကျေနပ်စရာက ကျွန်တော့်အသင်းရဲ့စွမ်းဆောင်ရည်ပါပဲ ၊ ကျွန်တော်တို့ အရည်အသွေးမြင့် အသင်း တစ်သင်းဆိုတာ ပြသ နိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော့် ကောင်လေးတွေ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို မြင်ခဲ့ပြီး အကျိုးရှိရှိ အခွင့်ကောင်း ယူနိုင်ခဲ့ပါတယ် ၊ တကယ့်ကို သာယာ လှပတဲ့ နေ့တစ်နေ့ပါပဲဗျာ ၊ သူတို့ ကစားသွားတာ သိပ်ကောင်းပါတယ် ၊ မာရာဒိုနာ တောင် ဒီနေ့ညအတွက် ဂုဏ်ယူ နေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ ။ ”

” ဒီနေ့ နိုင်ပွဲကြောင့် ကျွန်တော်တို့ နောက်တစ်ဆင့်တက်ဖို့ အကောင်းဆုံး အခွင့်အရေး ရှိသွားခဲ့ပါပြီ ။ ဒါပေမယ့် ကျွန်တော်တို့ တခြားပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ် ၊ ဒီနေ့လို ပြိုင်ဘက်ကောင်းနဲ့ တွေ့ရတဲ့ ပွဲတစ်ပွဲမှာ ခုလို ဂိုးပြတ် အနိုင်ရတာက ကျွန်တော်တို့ဟာ ထိပ်တန်း အသင်း တစ်သင်းဆိုတာ ပြသ နေတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

နာပိုလီ အသင်းဟာ ဒီရာသီ စီရီးအေ ပြိုင်ပွဲမှာရော ချန်ပီယံလိဂ် ပြိုင်ပွဲမှာပါ အမှတ် အများဆုံး အသင်း ၊ သွင်းဂိုး အများဆုံး အသင်း ၊ ဂိုးကန်သွင်းချက် အများဆုံး အသင်း ၊ ဂိုးပေါက်တည့် ကန်ချက် အများဆုံး အသင်း ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ပိုင်ဆိုင် ထားပါတယ် ။

SM