ကစားကွက် အပြောင်းအလဲ ၊ ထရန့်ရဲ့ တုန့်ပြန်မှုတွေနဲ့.. လီဗာပူး ၂-၀ ရိန်းဂျား ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန်နဲ့ စိတ်ပျက်စရာ သရေကျခဲ့မှုကို အမြန်ဆုံး ချေဖျက်ကာ ရိန်းဂျားကို ၂-၀ နဲ့ သက်တောင့်သက်သာ အနိုင်ကစားခဲ့ပါတယ်။ ပွဲအစကတည်းက တစ်ဖက်သတ် လွှမ်းမိုးကစားခဲ့တဲ့ လီဗာပူးဟာ အလက်ဇန်းဒါးအာနိုးရဲ့ ဖရီးကစ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ အခွင့်အရေးတွေ တောက်လျှောက် ရခဲ့ပေမယ့်လည်း ရိန်းဂျားဂိုးသမား မက်ဂရီဂေါ်က အံ့ဖွယ်လက်စွမ်းပြကာ ဂိုးရလဒ်ကို ကျဉ်းမြောင်းစေခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ ဆာလားက ပင်နယ်တီကနေ ၂-၀ ဖြစ်စေမယ့် ဂိုးကို သွင်းယူခဲ့ပြီး လက်ကျန်ပွဲချိန်တွေမှာ လီဗာပူးဟာ အနိုင်ရလဒ်ကို ထိန်းကာ သက်တောင့်သက်သာ အနိုင်ကစားခဲ့ပါတယ်။

ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တာတွေကတော့

၁~ဝေဖန်မှုတွေကို အကောင်းဆုံး တုန့်ပြန်ခဲ့တဲ့ ထရန့်
ဒီရာသီ လီဗာပူးရဲ့ poor form နဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်တွေ ကျဆင်းနေမှု အတွက် အလက်ဇန်းဒါးအာနိုးဟာ အဓိက ဝေဖန်ခံနေရသူ ဖြစ်နေခဲ့ပါတယ်။ အသက် ၂၃ နှစ် အရွယ် ကစားသမားဟာ ခံစစ်ကစားပုံ တိုးတက်မှု လိုအပ်နေသေးပေမယ့် တိုက်စစ်ပိုင်း အရည်အသွေး ကတော့ မေးခွန်းထုတ်စရာကို မရှိပါဘူး။ ဂိုးဖန်တီးမှုတွေ များစွာ ပြုလုပ်ပေးနိုင်တဲ့ ထရန့်ဟာ ပွဲအစပိုင်းမှာတင် ဖရီးကစ်ကနေ လှပစွာ ကန်သွင်းယူခဲ့ပြီး ဒါဟာ ဒီရာသီ ၁၁ ပွဲမှာ ၎င်းရဲ့ ၃ ဂိုးမြောက်ဂိုး ဖြစ်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၀၁၉-၂၀ ရာသီ နောက်ပိုင်း ၂ ဂိုးထက် ပိုပြီး သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ခံစစ်ပိုင်းမှာ အားနည်းမှုတွေ ရှိနေပေမယ့်လည်း တိုက်စစ်ပိုင်းမှာတော့ သူ့အတွက် အကောင်းဆုံး တာထွက် ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲရဲ့ performace အရ ထရန့် အပေါ် ဝေဖန်မှုတွေက အနည်းငယ်တော့ လျော့ကျသွားမှာ ဖြစ်ပါတယ်။

၂~စိတ်ပူစရာ trend ကို ရပ်တန့်နိုင်ခဲ့
လူတော်တော်များများက လီဗာပူးရဲ့ form အပေါ် အာရုံစိုက်နေကြပေမယ့်လည်း စိတ်ပူစရာ အကောင်းဆုံး trend ကတော့ သူတို့ရဲ့ ပွဲအစ တာထွက်နှေးကွေးနေမှုပဲ ဖြစ်ပါတယ်။ ဘရိုက်တန်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်ဟာ ဒီရာသီ လီဗာပူးတို့ အဖွင့်ဂိုး ပေးရတဲ့ ၆ ပွဲမြောက် ပွဲစဉ် ဖြစ်ပြီး ကလော့ရဲ့ အသင်းဟာ နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားနေခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာတော့ လီဗာပူးဟာ တာထွက်ကောင်းခဲ့ပြီး ပွဲအစ ၁၀ မိနစ် အတွင်းမှာတင် အဖွင့်ဂိုးကို ရခဲ့ကာ ပွဲကို အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးရဖို့ဟာ လီဗာပူး အတွက် တကယ့်ကို အရေးကြီးလှပြီး ပြိုင်ဘက်အနေနဲ့ ဂိုးပေးလိုက်ရတာကြောင့် ပိတ်ဆို့ ကစားတဲ့ဗျူဟာကို စောစီးစွာ စွန့်လွှတ်ခဲ့ရတဲ့ အပြင် အန်ဖီး ပရိတ်သတ်ကလည်း စိတ်ပိုင်းဆိုင်ရာကို မြင့်တက်စေပါတယ်။

၃~ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းသစ်မှု
နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ ကလော့က သူ့ရဲ့ အသင်းဟာ ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းသစ်သွားဖို့ လိုအပ်နေတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ ဘရိုက်တန်နဲ့ သရေကျခဲ့တဲ့ ပွဲမှာ အပြောင်းအလဲကို သိပ်ပြီး မတွေ့ခဲ့ရပေမယ့်လည်း ရိန်းဂျားနဲ့ ပွဲစဉ်မှာ ကလော့ဟာ သူ့အသင်းရဲ့ ကစားကွက်ကို အပြောင်းအလဲ လုပ်ပစ်ခဲ့ပါတယ်။ ကွင်းလယ် အထိုင်မှာ ဟန်ဒါဆန် နဲ့ တီယာဂို တို့ကို တွဲဖက်ကာ ခံစစ်ကို ကာကွယ်စေခဲ့ပြီး တိုက်စစ်ပိုင်းမှာ ကလော့ဟာ ဒီယက် ဂျိုတာ ဆာလား နူးနက် တို့ အားလုံးကို ထုတ်သုံးခဲ့ကာ ကစားကွက်က ၄-၂-၄ လို ဖြစ်နေခဲ့ပါတယ်။

တိုက်စစ်ကစားသမားတွေကို ရှေ့မှာ လွတ်လပ်စွာ ကစားစေခဲ့ပြီး မကြာခဏ နေရာပြောင်းကစားကာ ရိန်းဂျား ခံစစ်ကို ပြသနာတွေ များစေခဲ့ပါတယ်။ final pass တွေကတော့ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် လီဗာပူးရဲ့ ကစားပုံဟာ အရင်ပွဲတွေကထက် ပိုမို ကျစ်လစ်လာခဲ့ကာ ပွဲကို ထိန်းချုပ် ကစားမှုတွေကိုလည်း ပြန်လည် မြင်တွေ့ခဲ့ရပါတယ်။ နောက်ပွဲတွေမှာလည်း ဒီကစားကွက်ကို ထပ်မံမြင်ရအုံးမလား ဆိုတာ စိတ်၀င်စားစရာ ပါပဲ။

နူးနက် Vs မက်ဂရီဂေါ်
လီဗာပူး တိုက်စစ်မှုးသစ်ဟာ အဖွင့်ပွဲစဉ် နောက်ပိုင်း အသင်းအတွက် ဂိုးမသွင်းနိုင်သေးပါဘူး။ သူ့ရဲ့ ပထမဦးဆုံး လိဂ်ပွဲစဉ် ပွဲဦးထွက် ဖြစ်တဲ့ ပဲလေ့စ်နဲ့ ပွဲမှာ အနီကတ်ထိခဲ့ပြီး ၃ ပွဲပယ်ခံခဲ့ရကာ ဒါဟာ အဲဒီနောက်ပိုင်း ပထမဦးဆုံး ပြန်လည် ပွဲထွက်ခွင့်ရခဲ့တာပါ။ ရိန်းဂျားနဲ့ပွဲစဉ်ဟာ ၎င်းရဲ့ ယုံကြည်မှုတွေကို ပြန်လည် တည်ဆောက်ဖို့အတွက် အခွင့်အရေးကောင်း ဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ပထမပိုင်းမှာ အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ၎င်းရဲ့ အားထုတ်မှု ၄ ၅ ကြိမ်လောက်ကို ရိန်းဂျား ဂိုးသမား မက်ဂရီဂေါ်က လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နူးနက် အနေနဲ့ အခွင့်အရေး အနည်းငယ်သာ ရခဲ့ပြီး ကလပ်အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း မိနစ် ၈၀ လောက် ကစားခွင့်ရခဲ့တာ ကတော့ ၎င်းရဲ့ အထိုင်ကျအောင် လုပ်ဆောင်မှု process ကို အကူအညီ ဖြစ်စေခဲ့ပြီး အာဆင်နယ်နဲ့ ပွဲစဉ်မှာကော ပွဲထွက်ခွင့် ရအုံးမလား ဆိုတာ စ်ိတ်၀င်စားစရာ ပါပဲ။

SM