အာဆင်နယ် အသင်းကို နောက်တစ်ဆင့်မြှင့်သွားစေတဲ့ ကစားသမား နှစ်ဦး နာမည် ကို ပြောကြားလိုက်တဲ့ ကာရေဂါ

ပြီးခဲ့တဲ့ ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ နီးစပ်ပြီးခါမှ လွဲချော် ခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီသီမှာတော့ ရလဒ်ကောင်းတွေ ဆက်တိုက် ရထားပြီး ၇ ပွဲ နိုင် ၊ ၁ ပွဲ ရှုံး နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေပါတယ် ။

လီဗာပူး နောက်ခံလူဟောင်း ကာရေဂါ ကတော့ ဒီနွေရာသီမှာ အသင်းကို ပြန်ရောက်လာတဲ့ ဆာလီဘာ နဲ့ မန်စီးတီး ကနေ ပြောင်းလာတဲ့ ဂျေးဇု တို့ဟာ အာဆင်နယ် အသင်းကို နောက်တစ်ဆင့် မြှင့်တင် ပေးတဲ့ ကစားသမားတွေ ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ် ။

မနှစ်က မာဆေးလ် အသင်းမှာ အငှား ထွက်ကစားပြီး ပြင်သစ် လီဂူး ၁ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တဲ့ နောက်မှာတော့ အာဆင်နယ် အသင်းဟာ ဆလီဘာ ကို အငှား ထပ်မချတော့ဘဲ အသင်းမှာ စတင် ပွဲထွက် ကစားခွင့်ပေးခဲ့ပါတယ် ။

ဘရာဇီး လက်ရွေးစင် ကစားသမား ဂျေးဇု ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ မန်ချက်စတာ စီးတီး အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပါတယ် ။

ဂျေးဇု နဲ့ ဆာလီဘာ တို့ နှစ်ဦးစလုံးဟာ ဒီရာသီ အာဆင်နယ် အသင်းရဲ့ ပရီးမီးယားလိဂ် ရှစ်ပွဲစလုံး မှာ ပွဲထွက် ကစားခွင့် ရထားကြသူတွေပါ ။ ဂျေးဇု က သွင်းဂိုး ၅ ဂိုး သွင်းယူထားပြီး ဆာလီဘာ က သွင်းဂိုး ၂ ဂိုး သွင်းယူ ပေးထားပါတယ် ။

ကာရေဂါ က Sky Sports မှာ ” ရာသီမစခင်တုန်းက လူအများစုက အခု အာဆင်နယ် ရောက်နေတဲ့ နေရာမှာ စပါး အသင်း ရောက်နေမယ်လို့ တွေးထင် ထားခဲ့ကြပါတယ် ။ စပါး ကို ဝေဖန်နေကြတာတွေ ကျွန်တော် မြင်ပါတယ် ၊ ဒါပေမယ့် ကွန်တီ ကစားနေကြ ပုံစံ က ဒီလိုပါပဲ ၊ ကွန်တီ အသင်းတိုင်းက အဲ့ဒီလိုပဲ ကစားကြတာပါ ။ ”

” အာဆင်နယ် အသင်းရဲ့ ရာသီအစ စွမ်းဆောင်ရည်ကတော့ အထင်ကြီးစရာ ကောင်းလွန်းနေပါတယ် ။ သူတို့ရဲ့ အရှိန်အဟုန် နဲ့ ကစားပုံက အတော် ကောင်းပါတယ် ၊ အထူး သဖြင့် အသစ်ရောက်လာကြတဲ့ ကစားသမား နှစ်ဦး ဖြစ်တဲ့ ဆာလီဘာ နဲ့ ဂျေးဇု တို့က အာဆင်နယ် အသင်းကို နောက်တစ်ဆင့် ရောက်အောင် ဆွဲတင် ပေးခဲ့ကြသူတွေပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM