အာဆင်နယ် ကြယ်ပွင့်ကို သူ အမြဲတမ်း စောင့်ကြည့် ဖြစ်ကြောင်း ဖွင့်ဟလာတဲ့ လီဗာပူး နည်းပြ ကလောပ့်

ဂျာဂင် ကလောပ့် ဟာ ဒေါ့မွန် အသင်းကို နည်းပြစဉ်က မာတင် အော်ဒီဂတ် ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်း မရှိပါဘူး ။ အဲ့ဒီနောက်ပိုင်းမှာကတည်းက အော်ဒီဂတ် ရဲ့ ခြေစွမ်းကို အနီးကပ် စောင့်ကြည့် ဖြစ်တယ်လို့ ကလောပ့် က TV 2 နဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ် ။

အော်ဒီဂတ် ဟာ ဆယ်ကျော်သက် အရွယ်ကတည်းက ဥရောပ အသင်းကြီး တော်တော်များများ ရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရသူ ဖြစ်ပြီး အသက် ၁၆ နှစ် အရွယ်မှာတော့ ရီးယဲလ် မက်ဒရစ် အသင်းကို ပြောင်းရွှေ့ ကစား ခဲ့ပါတယ် ။

ဒါပေမယ့် နော်ဝေ လက်ရွေးစင် ဟာ ရီးယဲလ်မက်ဒရစ် မှာ ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန် ခဲ့ရတာကြောင့် အာဆင်နယ် အသင်းထံ ကနဦး အငှား ထွက်ကစားခဲ့ရပြီး နောက်မှ လန်ဒန် ကလပ် အသင်းထံ အပြီးသတ် ပြောင်းရွှေ့လာခဲ့တာပါ ။

လက်ရှိ အချိန်မှာတော့ အော်ဒီဂတ် ဟာ အာဆင်နယ် အသင်း ရဲ့ ကပ္ပတိန် အဖြစ် ခြေစွမ်းပြ ကစားနေပြီ ဖြစ်ပါတယ် ။ လီဗာပူး နည်းပြ ကလောပ့် က အော်ဒီဂတ် နဲ့ ပတ်သက်ပြီး ” ကျွန်တော် အော်ဒီဂတ် ကို သိပ်ကြိုက်ပါတယ် ။ လက်ရှိ အချိန်မှာ ဒီစကားပြောရတာ သိပ်လွယ်တာပေါ့ဗျာ ၊ရီးယဲလ် ကစားသမား ဘဝ အစမှာ သူ ရုန်းကန် ခဲ့ရပါတယ် ၊ သူ့အတွက် အလုပ် မဖြစ်ခဲ့ဘူးပေါ့ဗျာ ။ ”

” ဒေါ့မွန်မှာတုန်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင် ခဲ့တဲ့ အတွက် ကျွန်တော် အတော် စိတ်ပျက် ခဲ့ရပါတယ် ။ သူ ငယ်ငယ်လေးပဲ ရှိသေးတဲ့ အချိန်မှာ ကျွန်တော်တို့ သူ့ကို လိုချင် ခဲ့ပါတယ် ၊ သူက ကလေးပဲ ရှိသေးတာဆိုတော့ သူ့အဖေ နဲ့ အကြာကြီး ဆွေးနွေး ပြောဆို ခဲ့ရတာပါ ၊ အဆုံးသတ်မှာတော့ သူက မက်ဒရစ် ကို ရွေးချယ် သွားခဲ့ပါတယ် ။ ”

 

” ဒါကြောင့် ကျွန်တော် သူ့ကို အမြဲတမ်း စောင့်ကြည့် ဖြစ်တာပါ ၊ ကျွန်တော်တို့ အားလုံး မျှော်လင့်ထားကြသလို သူ အခု အချိန်မှာ ဖြစ်ထွန်းလာတဲ့ အတွက် အရမ်းကို ပျော်ရွှင် ရပါတယ် ၊ အဲ့ဒီထက်တောင် ပိုကောင်းလာနိုင်ပါသေးတယ် ။ ”

” အံ့အားသင့်ဖို့ ကောင်းလောက်အောင် တောင့်တင်းလာတဲ့ အာဆင်နယ် အသင်းမှာ သူ က အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေပါပြီ ။ သူက အသက်လည်း ငယ်ပါသေးတယ် ၊ ဒါပေမယ့် သူ့မှာ ပြတ်သားတဲ့ စိတ်ဓတ် ခံယူချက် ရှိတယ် ၊ လွှမ်းမိုးမှုလည်း ရှိတယ် ၊ အရိုးသားဆုံး ပြောရရင် သူနဲ့ ပတ်သက်ပြီး မကောင်းပြောစရာ တစ်ခုမှ မတွေ့မိပါဘူး ။ ထိပ်တန်း ကစားသမားပါပဲ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM