လီဗာပူးတို့ ဒီရာသီမှာ ရုန်းကန်နေရတဲ့ အဓိက အကြောင်းရင်းတွေကို ထောက်ပြသွားခဲ့တဲ့ အာဆင်၀င်းဂါး

အာဆင်နယ် မန်နေဂျာဟောင်း ဖြစ်သူ အာဆင်၀င်းဂါးက လီဗာပူးတို့ ဒီရာသီမှာ ဘာကြောင့် ပုံစံကောင်း ရရှိရန် ရုန်းကန်နေရသလဲဆိုတာ သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပြီး ဆာဒီယိုမာနေးရဲ့ ထွက်ခွာသွားခဲ့မှုဟာ အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါ၀င်တယ်လို့ ယူဆနေပါတယ်။ လီဗာပူးရဲ့ စိတ်ပျက်စရာ တာထွက်ဟာ ပြီးခဲ့တဲ့ စနေနေ့ ကလည်း ဆက်လက် ဖြစ်ပေါ်နေခဲ့ပြီး ကလော့ရဲ့ အသင်းဟာ ပွဲချိန် မိနစ် ၂၀ အတွင်းမှာတင် ဘရိုက်တန်ကို ၂-၀ နဲ့ အရေးနိမ့်နေခဲ့ကာ ပထမပိုင်းမှာ ဒီထက် ဂိုးတွေ ပိုပြီး မပေးခဲ့ရတာဟာ ကံကောင်းလို့ ဖြစ်ပါတယ်။

လီဗာပူးဟာ ဖာမီနို (၂ ဂိုး) ၊ ၀က်စတား (og) တွေနဲ့ ပြန်လည် တိုက်ပွဲ၀င်ကာ ၃-၂ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲချိန် မိနစ် ၈၀ ကျော်မှာ ခံစစ်ပိုင်းရဲ့ အမှားကနေ ချေပဂိုးကို ပြန်လည် ပေးလိုက်ရပြီး သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီ ပြိုင်ပွဲတိုင်းမှာ အထနှေးနေတဲ့ အပြင် နေရာစုံမှာ ဟာကွက်တွေကလည်း အတော့်ကို များပြားနေပြီး အသင်းရဲ့ trademark ဖြစ်တဲ့ high pressing ကစားပုံကလည်း ပျောက်ဆုံးနေပါတယ်။

၀င်းဂါးက ပြီးခဲ့တဲ့ နွေရာသီ ဘင်ဖီကာ ကနေ လီဗာပူးကို ကလပ်စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်းနဲ့ ရောက်လာခဲ့တဲ့ ဒါ၀င်နူးနက် အသင်းမှာ အထိုင်မကျ ဖြစ်နေခြင်းနဲ့ ဆာဒီယိုမာနေး ထွက်ခွာသွားခဲ့မှုဟာ အသင်းမှာ ဟာကွက် ဖြစ်နေခဲ့တယ်လို့ ယူဆနေပါတယ်။

၀င်းဂါးက “လီဗာပူးတို့ ဒီရာသီ ရုန်းကန် နေရမှုဟာ နားလည်ရ ခက်ခဲပါတယ်။ သူတို့မှာ အဓိက ကစားသမား အပြည့်အစုံ ရှိနေတဲ့ အပြင် ကစားတာကလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် သူတို့ဟာ ပြိုင်ဘက်ဆီက ဘောလုံး လုယူတဲ့ နေရာမှာတော့ အရင်ကလောက် အလုပ်မဖြစ်တော့ပါဘူး။ ဒီအချိန်မှာ နူးနက်ဟာ အသင်း အတွက် အလုပ်ဖြစ်နေခြင်း မရှိပါဘူး။ သူတို့ဟာ နူးနက် အတွက် ငွေကြေးများစွာ ရင်းနှီး မြှပ်နှံထားခဲ့ပေမယ့် လက်ရှိမှာတော့ သူဟာ အရန်ခုံမှာပဲ ထိုင်နေရပါတယ်။

သူဟာ ထိပ်တန်း level မှာ ရှိပြီး big game player ဖြစ်တဲ့ မာနေးကို ဆုံးရှုံးထားခဲ့ပါတယ်။ မာနေး ဆီမှာ တအားကို ပြင်းထန်လှတဲ့ attitude နဲ့ အားထုတ်မှုတွေ ရှိပါတယ်။ သူဟာ အသင်းက ဘာပဲ ဖြစ်နေနေ ဂိုးသွင်းနိုင်စွမ်း ရှိပါတယ်။ သူဟာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ မာနေးရဲ့ ထွက်ခွာသွားခဲ့မှုဟာ လီဗာပူးရဲ့ စွမ်းအင်မြင့် ကစားဟန် အပေါ် ဘယ်လောက်တောင် သက်ရောက်မှု ရှိစေသလဲ ဆိုတာ တိုင်းတာရ ခက်ခဲပါတယ်။ ဒါပေမယ့် သူတို့ဟာ အရင်နှစ်တွေတုန်းကလိုမျိုး မဟုတ်ဘဲ တစ်စုံတစ်ရာ ပျောက်ဆုံးနေသလို ပါပဲ။” လို့ ဆိုလိုက်ပါတယ်။

 

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဖြစ်နိုင်တဲ့ ရမှတ် ၂၁ မှတ်ထဲကနေ ၁၀ မှတ်သာ စုဆောင်းထားနိုင်ခဲ့ပြီး လိဂ်ပွဲစဉ် ၂ ပွဲသာ အနိုင်ရထားခဲ့ကာ ၄ ပွဲသရေကျကာ ၁ ပွဲ ရှုံးထားခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ဆိုရင်လည်း လီဗာပူးဟာ အဖွင့်ပွဲစဉ်မှာ နာပိုလီကို ၄-၁ နဲ့ ဂိုးပြတ်ခြေပြတ် အရေးနိမ့်ခဲ့ပေမယ့် နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ အိုင်ယက်ကို အန်ဖီးမှာ မာတစ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

SM