ရိုနယ်ဒို ကို မတားမယ့် တန်ဟတ် ၊ အနားယူမယ့် တိုက်စစ်မှူးကြီး ၊ နိုင်ပွဲစရတဲ့ မြေခွေးတို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

နာပိုလီ ၊ ယူဗင်တပ် ၊ ရီးရဲမက်ဒရစ် ၊ ချဲလ်ဆီး အသင်းတွေမှာ ကစားခဲ့ဖူးပြီး လက်ရှိ အင်တာမိုင်ယာမီ အသင်းမှာ ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူးကြီး ဂွန်ဇာလို ဟီဂွာအင် ဟာ အခု ရာသီ အပြီးမှာ ဘောလုံး ကစားခြင်း ကနေ အနားယူတော့မှာ ဖြစ်ကြောင်း အသိပေး ကြေညာ သွားခဲ့ ပါတယ် ။

ဟီဂွာအင် က ဆိုရှယ်မီဒီယာ ပေါ်က ဝေဖန်ပြောဆို ထိုးနှက်မှုတွေဟာ သူ့ကို ထိခိုက်ခံစား စေခဲ့ရကြောင်းနဲ့ ဘောလုံးပရိသတ်တွေ အနေနဲ့ တခုခု ရေးတော့မယ်ဆိုရင် ပြန်စဉ်းစား ကြဖို့လည်း တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် ကတော့ အခု ရာသီမှာ ခြေစွမ်းပြ နေတဲ့ နောက်ခံလူ ဝီလ်ယံ ဆလီဘာ ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။

ဘရူနို လာဂေး ကို ထုတ်ပယ်လိုက်တဲ့ ဝုဗ် အသင်းဟာ ဆီဗီးလား ကို ကိုင်တွယ် နေတဲ့ စပိန် လက်ရွေးစင် နည်းပြဟောင်း လိုပီတီဂွီ ကို အစားထိုး ခန့်အပ်ဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။

လီဗာပူး နည်းပြကြီး ဂျာဂင် ကလော့ က ဒါဝင် နူညက်ဇ် ဟာ ပရီးမီးယားလိဂ် မှာ အသားကျအောင် လုပ်ဆောင် နေဆဲ ဖြစ်ပြီး တိုက်စစ်မှူးသစ်လေး အတွက် စိတ်မပူကြဖို့ ပြောဆို အသိပေး သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခရစ္စတီယာနို ရိုနယ်ဒို ကို အသင်းကနေ ထွက်ခွာလိုပါက ထွက်ခွာနိုင်ကြောင်း လမ်းဖွင့် ပေးထားတယ်လို့ သတင်း ထွက်လာခဲ့ ပါတယ် ။

မန်ယူနိုက်တက် ညာနောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် က လီဗာပူး ရဲ့ ညာနောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုး ဟာ ခံစစ် ကစားပုံကို ထပ်မံ သင်ယူ လေ့လာသင့်ကြောင်း ပြောဆိုခဲ့ပြီး အာနိုး ဟာ အင်္ဂလန် ရဲ့ ကာဖူး ( ဘရာဇီး ဂန္ထဝင် ညာနောက်ခံလူ ) ဖြစ်လာနိုင်တဲ့သူလို့ ညွှန်းဆို သွားခဲ့ ပါတယ် ။

ရှော်ကေး အသင်းမှာ အငှားသွား ကစားနေတဲ့ လီဗာပူး ကစားသမား ဆပ်ဗန်ဒန်ဘာ့ဂျ် ဟာ ခြေကျင်းဝတ် အရွတ် လွဲချော်တဲ့ ဒဏ်ရာကြောင့် ၂၀၂၃ ခုနှစ် အထိ ရှည်လျားစွာ အနားယူရတော့မယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် ဥက္ကဌကြီး ဖလော်ရန်တို ပီရက်ဇ် က ဥရောပ စူပါလိဂ် အစီအစဉ် ကို အသက်သွင်း သင့်ကြောင်း ထပ်မံ နှိုးဆော် ခဲ့ပြီး အမေရိက အားကစားတွေဟာ ဘောလုံးကို ကျော်လွန် လွှမ်းမိုးစ ပြုနေပြီ ဖြစ်ကြောင်းလည်း သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

ဗယ်လာဒိုးလစ် အသင်းကို တန်းတက်အောင် စီမံ ခန့်ခွဲ နိုင်ခဲ့တဲ့ အသင်းပိုင်ရှင်ကြီး ရိုနယ်ဒို နာဇာရီယို ဟာ အခု တခါမှာလည်း သူ့ရဲ့ နောက်ထပ် အသင်းတသင်း ကို တန်းတက်အောင် စီမံပေးနိုင်ခဲ့ ပါတယ် ။

အဲ့ဒိ အသင်းကတော့ သူ ငယ်စဉ်က ကစားခဲ့တဲ့ ခရူဇီယို အသင်း ဖြစ်ပြီး ဘရာဇီး စီးရီးဘီ ကနေ စီးရီးအေ ကို တန်းပြန်တက်လာ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ အသင်းကိုလည်း ရိုနယ်ဒို က ရှယ်ယာ တစိတ်တပိုင်း ပိုင်ဆိုင်ထားပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ လက်စတာ စီးတီး ဟာ နော်တင်ဟမ် ဖောရက်စ် အသင်းကို အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင် ကစားပြီး အခု ရာသီအတွက် ပထမဆုံး နိုင်ပွဲ ကို ရရှိ သွားခဲ့ ပါတယ် ။

လက်စတာ အတွက် မက်ဒီဆင် အကောင်းဆုံး ကစားသွားခဲ့ပြီး ဖရီးကစ် ဂိုးအပါအဝင် ကိုယ်တိုင် ၂ ဂိုး သွင်းကာ ၁ ဂိုး ဖန်တီးပေး သွားခဲ့ပါတယ် ခင်ဗျာ . . . . . ။

 

SPORTS MYANMAR