မန်ချက်စတာ ဒါဘီမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့တဲ့ အသင်းဟောင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်ရင်း တန်ဟတ်ကို အကြံပေးလိုက်တဲ့ ရှဝိန်းစတိုင်ဂါ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အီတီဟတ် ကွင်းထဲမှာ မြို့ခံပြိုင်ဖက် မန်စီးတီး အသင်း နဲ့ မန်ချက်စတာ ဒါဘီပွဲစဥ် ကစားခဲ့ရပြီး 6 – 3 ဆိုတဲ့ အရှုံး ရလဒ်နဲ့ အတူ အဝေးကွင်းမှာ ဂိုးပြတ် ချေမှုန်းခံခဲ့လိုက်ရပါတယ် ။

ဒီပွဲစဥ်ရဲ့ ပွဲချိန် ပထမပိုင်းမှာ ယူနိုက်တက်တို့ ကစားပုံဟာ အထိမ်းအကွပ်မဲ့ခဲ့ပြီး ပွဲချိန် 7 မိနစ်မှာပဲ ဘာနာဒို နဲ့ ဖီးလ် ဖိုဒန် တို့ရဲ့ ပူးပေါင်းမှုမှတဆင့် အဖွင့်ဂိုး ပေးခဲ့လိုက််ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 34 မိနစ် နဲ့ 37 မိနစ်မှာ ဒီဘရိုင်းရဲ့ ဖန်တီးမှုတွေကို ဟာလန်းက အမှားအယွင်းမရှိ အဆုံးသတ် ပြသွားနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ပထမပိုင်း ပြီးဆုံးခါနီးမှာ ဟာလန်းရဲ့ ဖန်တီးပေးမှုကို ဖိုဒန် က အဆုံးသတ်ခဲ့တဲ့ အတွက် ယူနိုက်တက် တို့ဟာ ပထမပိုင်းမှာတင် လေးဂိုးပြတ် ရှုံးနိမ့် သွားခဲ့ကြပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ကြတဲ့ ကွင်းထဲက ပရိိသတ် အချို့လည်း 45 မိနစ် ကြည့်ပြီး အိမ်ပြန်ခဲ့ကြ ပါတယ် ။

ဒါပေမဲ့ ဒုတိယပိုင်း စတင်ပြီး 11 မိနစ် အကြာမှာပဲ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားသစ် ဖြစ်သူ အန်တိုနီ က တစ်ဂိုး သွင်းယူခဲ့ ပါတယ် ။ ဒါပေမဲ့ မန်စီးတီးကတော့ တိုက်စစ် ကစားပုံ လျှော့ချ မသွားခဲ့ပဲ ဆက်လက် ဖိအားပေး ကစားခဲ့ပါတယ် ။

ဒါ့ကြောင့် ပွဲချိန် 64 မိနစ်မှာ ဂိုမက်ဇ် ရဲ့ ဖန်တီးပေးမှုကို ဟာလန်းက အသုံးချခဲ့ပြီး ဟတ်ထရစ် ရယူသွားနိုင်ခဲ့ပါတယ် ။ ဒါကို ပွဲချိန် 73 မိနစ်မှာ မန်စီးတီး ကွင်းလယ်လူ ဖီးလ် ဖိုဒန် ကလည်း အားကျမခံ တစ်ဂိုးထပ် သွင်းပြီး ဟတ်ထရစ် ရယူသွားခဲ့ပြန်ပါတယ် ။

အဲ့ဒီနောက် ရပ်ရှ်ဖို့ ရဲ့ နေရာမှာ လူစားဝင် ကစားခဲ့တဲ့ မာရှယ်က ပွဲချိန် 84 မိနစ် နဲ့ 90+ (pen) မိနစ် တွေမှာ ဂိုးတွေ သွင်းယူရင်း ပွဲရလဒ်ကို 6 – 3 ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တွေတုန်းက ရလဒ်ကောင််းတွေ ဆက်တိုက်ရလို့ ပျော်နေခဲ့တဲ့ ယူနိုက်တက် ပရိသတ််တွေ အတွက် စိတ်ပျက်စရာ ဖြစ်သွားခဲ့ရပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်တဲ့ ဘက်စ်တီယံ ရှဝိန်းစတိုင်ဂါ က ဒါဟာ အဖက်ဖက်က ရှုံးနိမ့်ခဲ့ရတာ ဖြစ်ကြောင်း ဝေဖန်ရင်း လက်ရှိ နည်းပြ အဲရစ် တန်ဟတ် ကို အကြံဥာဏ် ပေးခဲ့လိုက်ပါတယ် ။

” ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ဟာ အဖက်ဖက်မှ ရှုံးနိမ့် သွားခဲ့ရပါတယ် ။ အခုချိန်က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် မန်ချက်စတာ မှာ စစ်မှန်တဲ့ အသင်းက ဘယ်အသင်းလဲဆိုတာကို ပြသနိုင်ရေးအတွက် တိုးတက်ဖို့ လိုအပ်နေတဲ့ အခိုက်အတန့်ပါပဲ ” လို့ စတိုင်ဂါ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ကတော့ အဆိုပါ ရှုံးပွဲ အပြီးမှာ အသင်းသားတွေဟာ ယုံကြည်မှု ကင်းမဲ့နေခဲ့ကြောင်း ၊ ကစားသမားတွေဆီက ဒီလို စိတ်ဓါတ် ခံယူချက် ကင်းမဲ့တဲ့ ကစားဟန် မြင်ရတာကို လက်သင့်မခံကြောင်း စိတ်ဓါတ်ပိုင်း အဓိကထားပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar