စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ နာပိုလီကနေ ချဲလ်ဆီးသို့ ပြောင်းရွှေ့လာတဲ့ အတွက် နောင်တမရကြောင်း တုန့်ပြန်လိုက်တဲ့ ကူလီဘာလီ

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း နာပိုလီ အသင်းကနေ ချဲလ်ဆီး အသင်းသို့ ပေါင် ၃၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆီနီဂေါ လက်ရွေးစင် ခံစစ်မှူး ကာလီဒူ ကူလီဘာလီ ဟာ ယခင် နည်းပြဟောင်း သောမတ်စ် တူချယ် လက်ထက်မှာ ပုံမှန် ပွဲထွက်ခဲ့ရပေမယ့် ၊ လက်ရှိ နည်းပြသစ် ဂရေဟမ် ပေါ်တာ လက်အောက်မှာတော့ တမိနစ်မှ ကစားခွင့် မရသေးပါဘူး ။

အသက် ၃၁နှစ် အရွယ်ရှိ ကူလီဘာလီ ဟာ နာပိုလီမှာ ဘောလုံးရာသီ ၈ခုကြာ ကစားပေးခဲ့ကာ ၊ ပွဲပေါင်း ၃၁၇ပွဲ အထိ ပါဝင်ပေးခဲ့ပြီး ၁၄ဂိုး သွင်းယူနိုင်ခဲ့ပါတယ် ။ ယခုနှစ် ရာသီ ချဲလ်ဆီးကို မပြောင်းလာခင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က မန်ချက်စတာ ယူနိုက်တက်ထံမှ ချဉ်းကပ်မှု ရခဲ့ပေမယ့် ၊ ကူလီဘာလီ တယောက် နာပိုလီမှာသာ ဆက်နေခဲ့ပါတယ် ။

င်္အသက်အရွယ် အရ အခုအချိန်မှာမှ မြန်နှုန်းမြင့် အသားပေး ပရီးမီးယားလိဂ်ကို ပြောင်းလာတာ အနည်းငယ် စိုးရိမ်စရာ ဖြစ်ပေမယ့် ၊ ခံစစ်မှူး တယောက် အနေနဲ့ ကူလီဘာလီဟာ အရွယ်ကောင်း အခါကောင်းမှာသာ ရှိပါသေးတယ် ။ သို့ပေမယ့် ၄င်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေက ခြေစွမ်းအရတော့ ခုချိန်ထိ ပရီးမီးယားလိဂ်နဲ့ အံဝင်ခြင်းတော့ မရှိသေးပါဘူး ။

တဖက်မှာ လက်ရှိ ချဲလ်ဆီး အသင်းဟာ တာထွက် အထလေးနေပြီး ၊ ကစားပုံ ၊ ရလဒ်ပိုင်းမှာ အားရစရာကောင်းတဲ့ အနေအထားမျိုး မရောက်သေးပါဘူး ။ ကူလီဘာလီရဲ့ အသင်းဟောင်း နာပိုလီကတော့ စီးရီးအေမှာ ၈ပွဲကစား ၊ ၆ပွဲနိုင် ၂ပွဲသရေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လျက် ရှိပါတယ် ။

ဒါဟာ ကူလီဘာလီ ကစားခဲ့တဲ့ ၈နှစ်တာ ကာလ အတွင်းက နာပိုလီထက်တောင် ပိုကောင်းနေတယ်လို့ ယေဘူယျ ယူဆလို့ ရပါတယ် ။ သို့ပေမယ့် ကူလီဘာလီကတော့ သူဟာ အချိန်ကောင်းအခါကောင်းမှာ ချဲလ်ဆီးကို ပြောင်းလာတာ ဖြစ်လို့ နောင်တရစရာ မရှိကြောင်း အခုလိုပဲ တုန့်ပြန်ခဲ့ပါတယ် ။

ပြင်သစ် အခြေစိုက် သတင်းဌာန ဖြစ်တဲ့ Carre နဲ့ တွေ့ဆုံခဲ့ရာမှာ ကူလီဘာလီ က ” နာပိုလီ အတွက် ၈နှစ်ကြာ ကစားပေးပြီးတဲ့နောက် ၊ နေပယ်မြို့က ကျွန်တော့ရဲ့ ကစားသမား ဘဝက ဒီမျှပဲ ဆိုတာ ကျွန်တော် သိလိုက်ပါတယ် ။ ကမ္ဘာ့ အကောင်းဆုံး ကလပ် တသင်းက ကမ်းလှမ်းလာတဲ့အခါ ၊ ခင်ဗျား သူတို့ဆီ ပြောင်းရွှေ့ ကစားဖို့ စောင့်မနိုင်ပါဘူး ။ ”

” ချဲလ်ဆီးကို ပြောင်းရွှေ့နိုင်ဖို့ ကျွန်တော် အရာရာ ကြိုးစားခဲ့ပါတယ် ။ နာပိုလီနဲ့ နေပယ်မြို့ကို ကျွန်တော် ထာဝရ ကျေးဇူးတင်နေမှာပါ ။ ကျွန်တော့ ကလေးတွေ အဲဒီမှာပဲ မွေးဖွားခဲ့ကြပြီး ၊ ဒါဟာ ကျွန်တော် ဘောလုံးသမား တယောက် အနေနဲ့ အများကြီး တိုးတက်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ် ။ ”

” အခုတော့ ဒါတွေ ပြောင်းလဲဖို့ အချိန်တန်ပါပြီ ။ လန်ဒန်မှာ ကျွန်တော်ဟာ မိသားစုဝင်တွေလိုပဲ နေသားကျနေပါပြီ ။ အချိန်ကောင်း အခါကောင်းမှာ ကျွန်တော် ချဲလ်ဆီးကို ပြောင်းလာနိုင်ခဲ့တာပါ ။ ဒီမှာက ဆုဖလားတွေ အများကြီး ဆွတ်ခူးဖူးတဲ့ ကစားသမားတွေ ရှိပါတယ် ။ ”

” အသင်းက ကျွန်တော့ကို အားထားလို့ ရတယ် ဆိုတာ ပြသဖို့က ကျွန်တော့ အပေါ်မှာပဲ မူတည်ပါတယ် ။ ဒီမှာ ကျွန်တော် အမှန်တကယ် ပျော်ရွှင်နေပြီး ၊ ဒီပုံစံ အတိုင်း ရှေ့ဆက်နိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR