စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အသင်းဟောင်း ချဲလ်ဆီးနဲ့ ပြန်လည် ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလိုက်တဲ့ တိုမိုရီ

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ညမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ အဖြစ် အုပ်စုတွင်း အင်အား အကြီးဆုံး ပြိုင်ဖက် အေစီမီလန် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ် ။ ဒါဟာ အုပ်စု E ရဲ့ ထိပ်ဆုံး အသင်းနဲ့ အောက်ဆုံး အသင်းတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ် ။

တမှတ်သာ ရထားသေးတဲ့ အိမ်ရှင် ချဲလ်ဆီး အတွက် ထိုပွဲမှာ မဖြစ်မနေ အနိုင်ရဖို့ အရေးကြီးနေပြီး ၊ ထိုပွဲနိုင်မှသာ ၊ နောက်တဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် ဆက်အသက်သွင်းနိုင်မှာ ဖြစ်ပါတယ် ။ နည်းပြသစ် ဂရေဟမ် ပေါ်တာဟာ ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ် ပွဲမှာ ပထမဆုံး နိုင်ပွဲ စယူနိုင်ခဲ့တာကြောင့် ၊ ချန်ပီယံလိဂ်မှာပါ ရလဒ်ကောင်း စွမ်းဆောင်နိုင်ဖို့ ပစ်မှတ်ထားမှာ သေချာပါတယ် ။

တဖက်မှာတော့ ချဲလ်ဆီးဟာ ကစားသမားဟောင်း ၂ဦး ဖြစ်တဲ့ ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးနဲ့ အကယ်ဒမီထွက် နောက်ခံလူဟောင်း ဖီကာယို တိုမိုရီတို့နဲ့ ထိုပွဲမှာ တဖန် ထိပ်တိုက် တွေ့ရမှာ ဖြစ်ပါတယ် ။ အထူးသဖြင့် ငယ်ငယ်ကတည်းက ချဲလ်ဆီးမှာ ကြီးပြင်းလာခဲ့တဲ့ တိုမိုရီ အတွက် ဒီပွဲက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းနေပါတယ် ။

အသက် ၂၄နှစ် အရွယ်ရှိ တိုမိုရီက ပြီးခဲ့တဲ့ အင်တာဗျူး တခုမှာ အသင်းဟောင်း ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲ အပေါ် မှတ်ချက်ပေးရင်း ၊ အပြင်မှာတော့ မိတ်ဆွေ ဖြစ်ပေမယ့် ၊ ကွင်းတွင်းမှာ ကိုယ်စားပြုတဲ့ ကလပ် အတွက် နိုင်ပွဲ ရယူပေးဖို့ တိုက်ပွဲဝင်ရမှာ ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ် ။

တိုမိုရီ က ” မဲခွဲပွဲ မတိုင်ခင်ကတည်းက ကျွန်တော်တို့ ချဲလ်ဆီးနဲ့ တအုပ်စုတည်း ကျနိုင်တယ် ဆိုတာ ကျွန်တော့စိတ်ထဲက ကြိုသိနေခဲ့ပါတယ် ။ တကယ်လည်း တအုပ်စုတည်းမှာ အတူတူ ကျနေမှန်း သိရတော့ ပိုပြီး စိတ်လှုပ်ရှားမိပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး အစောပိုင်းမှာ သင်္ကာမကင်း ဖြစ်ခဲ့ပါတယ် ။ ”

” ကျွန်တော့ မိတ်ဆွေတွေကတော့ ‘ မင်း ဒါကို ကြိုသိနေခဲ့တယ် ‘ ဆိုပြီး ပြောကြပါတယ် ။ သူတို့နဲ့ ပြန်ပြီး ဆုံတွေ့ရတာ ကောင်းပါတယ် ။ ခင်ဗျား သူတို့ကို မေးကြည့်ရင်လည်း ကျွန်တော့လိုပဲ သူတို့ ထပ်တူထပ်မျှ ခံစားရပါလိမ့်မယ် ။ ဒါပေမယ့် ကွင်းလယ်စည်းက စပေးဘော ပေးပြီးတာနဲ့ ကျွန်တော်တို့ဟာ သူငယ်ချင်းတွေ မဟုတ်ကြတော့ပါဘူး ။ ”

” ကိုယ့်အသင်း အတွက် ၃မှတ် ယူပေးနိုင်ဖို့ ကိုယ်စီ တိုက်ပွဲဝင်ကြရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တိုမိုရီဟာ နည်းပြဟောင်း ဖရန့် လမ်းပတ်ရဲ့ ဒုတိယ ရာသီမှာ ကစားခွင့် မဆိုစလောက်သာ ရခဲ့လို့ ၊ ထိုနှစ် ဇန်နဝါရီ စျေးကွက် အတွင်း အေစီမီလန်သို့ အငှားထွက်ခဲ့ပါတယ် ။

မီလန် က ယင်းအင်္ဂလန်သားကို အခွင့်အရေး လုံလုံလောက်လောက် ပေးခဲ့ပြီး ၊ ကစားသမားဖက်ကလည်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၊ ပြီးခဲ့တဲ့ ရာသီရဲ့ နွေရာသီ စျေးကွက် အတွင်း ချဲလ်ဆီးထံကနေ ပေါင်သန်း ၂၀ နဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ။ တိုမိုရီကတော့ မနက်ဖြန်ည ကစားရမယ့်ပွဲဟာ သူ့အတွက် လက်ရှိ ခြေစွမ်း အစစ်အမှန်ကို ပြန်လည် ထုတ်ဖော် ပြသရမယ့် အခွင့်အရေးကောင်း တရပ် ဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ် ။

တိုမိုရီ က ” ၂၀၂၀ ဟာ ကျွန်တော့ အတွက် ခက်ခဲတဲ့ နှစ်တနှစ် ဖြစ်ခဲ့ပါတယ် ။ အဲဒီတုန်းက ချဲလ်ဆီးမှာ ကျွန်တော် ပွဲကစားခွင့် ပိုပြီး ရချင်ခဲ့ပါတယ် ။ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ကျွန်တော် ကစားခွင့် နည်းနည်းပဲ ရခဲ့ပါတယ် ။ အဲဒီတုန်းက ကျွန်တော်ဟာ ပွဲကစားခွင့် ရချင်လွန်းလို့ နေမထိထိုင်မသာ ဖြစ်ခဲ့ပါတယ် ။ ”

” မီလန်က ကျွန်တော့ကို အခွင့်အရေး ပေးခဲ့ပြီး ၊ အခုတော့ ကျွန်တော် င်္ဒီကို ရောက်နေပါပြီ ။ ကိုယ်နဲ့ အရင်က ရင်းရင်းနှီးနှီး ရှိဖူးတဲ့လူတွေကို ကျွန်တော် ဘယ်လောက်ထိ တိုးတက်လာပြီလဲ ဆိုတာ ပြသဖို့ နောက်ထပ် အခွင့်အရေး တကြိမ် ဖြစ်ပါတယ် ။ ကျွန်တော် မီလန်မှာ ကစားတဲ့ ပွဲတွေကို လူတွေ ကြည့်ကြတာ သိပါတယ် ။ ”

” ဒါပေမယ့် ကစားသမား ဘဝရဲ့ အစဖြစ်တဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျကို ပြန်လာကစားရမယ့် ပွဲကမှ ကျွန်တော့ အတွက် ကိုယ့်ကိုယ်ကို သက်သေပြဖို့ အခွင့်အရေးကြီး တရပ် ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR