ချဲလ်ဆီး နည်းပြဟောင်း တဦးကဲ့သို့ ပြုမူဖို့ ဂရေဟမ် ပေါ်တာထံ မက်ဆေ့ခ်ျ ပေးလိုက်တဲ့ ဂျိုကိုးလ်

ချဲလ်ဆီး ပိုင်ရှင်သစ်တွေဟာ အသင်းကို စတင် ဝယ်ယူပြီးပြီးချင်း ၊ လပိုင်း အတွင်း အပြောင်းအလဲ များစွာ လုပ်ခဲ့ပြီး ၊ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်ကတော့ ဂျာမန်လူမျိုး နည်းပြ သောမတ်စ် တူချယ်ကို ထုတ်ပယ်ခဲ့ကာ ၊ ဘရိုက်တန် နည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ အစားထိုးခဲ့ပါတယ် ။

ယခုနှစ် ရာသီမှာ ချဲလ်ဆီးရဲ့ ရလဒ်နဲ့ ခြေစွမ်းပိုင်းက အားရစရာမကောင်းနေတာ မှန်ပေမယ့် ၊ တူချယ်ကို ထုတ်ပယ်ခဲ့ခြင်းဟာ ပိုင်ရှင်ဖြစ်သူတွေနဲ့ သဘောထား မတိုက်ဆိုင်ခြင်းကြောင့်သာ ဖြစ်ပါတယ် ။ အခုအခါမှာ ဂရေဟမ် ပေါ်တာကို ၅နှစ် စာချုပ်ချုပ်ဆိုထားပြီးဖြစ်လို့ ၊ ရေရှည် စီမံကိန်း အတွက် ယင်း အင်္ဂလိပ်မန်နေဂျာကို ပိုင်ရှင်သစ်တွေက အချိန်ပေးသွားဖို့ ရှိပါတယ် ။

ပြီးခဲ့တဲ့ စနေနေ့ကတော့ ဂရေဟမ် ပေါ်တာဟာ ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲမှာ ပထမဆုံး နိုင်ပွဲ စတင် ရှာဖွေနိုင်ခဲ့ပါတယ် ။ ထိုပွဲမှာ ကစားပုံထက် ရလဒ်ပိုင်းကို ပိုပြီး ယူဆောင်ရမှာ ဖြစ်ပြီး ၊ ခြေစွမ်း တိုးတက်ဖို့ ယုံကြည်မှု အဖြစ် ချဲလ်ဆီး အသင်းသားတွေ ဆက်လက် သယ်ဆောင်ဖို့ လိုပါတယ် ။

ချဲလ်ဆီး ဂန္တဝင် ကွင်းလယ်လူဟောင်း ဂျိုးကိုးလ်ကတော့ တနိုင်ငံတည်းသား ဂရေဟမ် ပေါ်တာကို သူ့အသင်းဟောင်းမှာ အောင်မြင်ဖို့ ယုံကြည်နေပြီး ၊ ယခင် ချဲလ်ဆီး နည်းပြဟောင်း တဦးလည်းဖြစ် ၊ လက်ရှိ ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီလို ပြုမူဖို့ကိုလည်း ဂရေဟမ် ပေါ်တာထံ အခုလိုပဲ တိုက်တွန်းခဲ့ပါတယ် ။

Football London နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂျိုကိုးလ် က ” ဂရေဟမ် ပေါ်တာဟာ သူ့ရဲ့ နည်းပြ ဘဝ တလျှောက် တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတိုင်းကို ကျော်ဖြတ်ပြီးမှ ဒီအလုပ်ကို သူ ရခဲ့တာပါ ။ တခါတလေမှာ လူတွေဟာ အားနည်းချက် အတွက် သနားတတ်တာတွေ ရှိပါတယ် ။ ဒါပေမယ့် ဂရေဟမ် ပေါ်တာဟာ စိတ်ဓာတ် ကြံ့ခိုင်သူ တယောက်ပါ ။ ”

” ဒါကို သူ ကျော်ဖြတ်လာတဲ့ နည်းပြ ဘဝ ခရီးလမ်းကို ကြည့်ပြီး သိနိုင်မှာ ဖြစ်ပါတယ် ။ အဲဒီ ခရီးတလျှောက်မှာ သူဟာ ထောင့်ပေါင်းစုံကနေ အခက်အခဲ ၊ တိုက်ခိုက်မှုများစွာ ရင်ဆိုင်ခဲ့ရတာ သေချာပါတယ် ။ ဒါပေမယ့် သူ ဒါတွေ အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ပါတယ် ။ အခု ချဲလ်ဆီးမှာလည်း သူ အဲလိုမျိုး စိတ်ဓာတ် ခံယူချက်မျိုး လိုအပ်နေပါတယ် ။ ”

” သူ ကိုင်တွယ်တဲ့ အသင်းတိုင်းမှာ ကိုယ်ပိုင် ကစားပုံစတိုင်လ် ချပြထားနိုင်ပါတယ် ။ စိန်ခေါ်မှု များစွာ ကြုံခဲ့ရပေမယ့် ၊ နည်းပြ ဘဝခရီးထဲ စဝင်ဖို့ ဆုံးဖြတ်ပြီးပြီးချင်း ဒါမျိုးတွေ ရင်ဆိုင်ရမှာကို သူ ကြိုတင် ပြင်ဆင်ခဲ့ပါတယ် ။ အခုတော့ သူဟာ ဥရောပရဲ့ ထိပ်တန်း ကလပ် တသင်း ၊ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်တဲ့ ကလပ် တသင်းဆီ ရောက်နေပါပြီ ။ ”

” အသက်ငယ်သေးတဲ့ မန်နေဂျာ တဦး အတွက် ဒီထက် ပိုကောင်းတဲ့ အခွင့်အရေးမျိုး မရှိတော့ပါဘူး ။ ပရော်ဖက်ရှင်နယ် ဘောလုံးလောကဟာ ကလိထိုးပြိုင်ပွဲ မဟုတ်ပါဘူး ။ အထိအခိုက်များနိုင်တဲ့ စီးပွားရေး တခုလိုပါပဲ ။ ခင်ဗျားဟာ အရာရာကို ကြံ့ကြံ့ခံနိုင်ဖို့ လိုပါတယ် ။ ခြေလှမ်း နောက်ဆုတ်ရမယ့် အနေအထားတွေကိုလည်း လက်ခံနိုင်ရပါမယ် ။ ”

” တစုံတယောက်က ခင်ဗျားရဲ့ ကိုင်တွယ်ပုံ မကောင်းဘူးလို့ ပြောရင် နားထောင်နိုင်ရပါမယ် ။ ကာလို ဟာ ဒီလို မက်ဆေ့ခ်ျ လွှဲပေးနိုင်တာထက် အများကြီးသာတဲ့ မန်နေဂျာ တဦးပါ ။ ဂရေဟမ် ပေါ်တာလည်း ထိုနည်းတူ ဖြစ်လာဖို့ ကျွန်တော် ယုံကြည်ပါတယ် ။ ”

” ကာလို ဟာ ကစားသမား ဘဝမှာရော ၊ မန်နေဂျာ ဘဝမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ဆွတ်ခူးခဲ့သူပါ ။ သမိုင်းတလျှောက် အကြီးကျယ်ဆုံး မန်နေဂျာ မဟုတ်ရင်တောင် ၊ အကောင်းဆုံး စာရင်းထဲ သူ ပါဝင်နေပါတယ် ။ ဂရေဟမ် ပေါ်တာကတော့ အခုမှ ခရီးရဲ့ အစမှာပဲ ရှိပါသေးတယ် ။ ”

” ဒါပေမယ့် သူ့မှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ အခွင့်အရေး ရှိနေပါပြီ ။ သူဟာ ချဲလ်ဆီးကို ကိုင်တွယ်နေရုံမက ၊ အင်္ဂလိပ်လူမျိုး တယောက်လည်း ဖြစ်တာကြောင့် ကျွန်တော် သူ့ကို အားပေးနေမှာပါ ။ သူ ချဲလ်ဆီးမှာ အောင်မြင်တာကို ကျွန်တော် အမှန်တကယ် အလိုရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR