ရက်ပေါင်း 833 ရက် အကြာမှာ လာလီဂါ အမှတ်ပေးဇယား ကို ပြန်လည် ဦးဆောင်ခွင့်ရသွားတဲ့ ဘာစီလိုနာ

နည်းပြ ဇာဗီ ဦးဆောင် မောင်းနှင်နေတဲ့ ဘာစီလိုနာ အသင်းဟာ ရက်ပေါင်း 833 ရက် အကြာမှာတော့ လာလီဂါ အမှတ်ပေးဇယား ကို နောက်တစ်ကြိမ် တရားဝင် ပြန်လည် ဦးဆောင်နိုင်လိုက်ပြီ ဖြစ်ပါတယ်။

သူတို့ အသင်း အမှတ်ပေးဇယား ကို နောက်ဆုံး အကြိမ် ဦးဆောင်ခဲ့တာ 2020 ဇွန်လ က ဖြစ်ပြီး ၊ ဆီဗီလာ အသင်းနဲ့ သရေ အကျပြီးမှာ ရီးရဲ မက်ဒရစ် ရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပါတယ်။ အဲဒီ အချိန်က ဘာစီလိုနာ ကို နည်းပြ ကွီကေး ဆက်တီယန် က ဦးဆောင်ခဲ့တာပါ။

2 နှစ်ကျော် အချိန်ကာလ ဖြတ်သန်း အပြီးမှာတော့ ဘာစီလိုနာ ဟာ ဇာဗီရဲ့ ဦးဆောင်မှုတွေ နဲ့ အတူ လမ်းကြောင်းမှန် တစ်ခုပေါ်ကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ဒီရာသီ လာလီဂါ 7 ပွဲ ကစား အပြီးမှာပဲ အမှတ်ပေးဇယား ကို ဦးဆောင်လိုက်တာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ဘာစီလိုနာ ဟာ မာလော့ကာ အသင်းကို အဝေးကွင်းမှာ တိုက်စစ်မှုး လီဝန်ဒေါ့စကီး ရဲ့ တစ်လုံးတည်းသော သွင်းဂိုး နဲ့ အနိုင်ယူပြခဲ့ပါတယ်။

ရီးရဲ မက်ဒရစ် ကတော့ မနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ ၊ အိုဆာဆူနာ အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရပေမယ့် အနိုင်ယူပြနိုင်ခြင်း မရှိပဲ သရေ ရလာဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ရီးရဲ မက်ဒရစ် အတွက် ဦးဆောင်ဂိုး ကို ဒီရာသီ ဆက်တိုက် ခြေစွမ်းပြနေတဲ့ ဗီနီစီးယက် က သွင်းယူပေးနိုင်ခဲ့ပါတယ်။ သူဟာ ညာတောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးလိုက်စဉ် ၊ ဘယ်သူနဲ့မှ မထိပဲနဲ့ ဂိုးထဲကို တိုက်ရိုတ် ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

သို့သော် ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ ဧည့်သည် အိုဆာဆူနာ အတွက် ကီကေး က ခေါင်းတိုက်ချက်ကနေ တဆင့် ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။

အိမ်ရှင်တို့ အတွက် အနိုင်ရစေမယ့် အခွင့်ရေးကို လက်လွှတ်ပစ်ခဲ့သူက အသင်းခေါင်းဆောင် ဘန်ဇီးမား ဖြစ်ပြီး ၊ သူ့ကြောင့် ရတဲ့ ပင်နယ်တီ ကို သူကိုယ်တိုင်ပဲ ဂိုးဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိခဲ့တာပါ။ အိုဆာဆူနာ ခံစစ်မှုး ဂါစီယာ ဟာ ဘန်ဇီးမား ကို ဧရိယာထဲမှာ တွန်းလှဲလိုက်တဲ့ အတွက် တိုက်ရိုတ် အနီကဒ်လဲ ပြခံခဲ့ရသလို ၊ ပင်နယ်တီလဲ ပေးလိုက်ရပါတယ်။

သို့သော် ဒီပွဲ သရေရလာဒ်ကြောင့် ရီးရဲ မက်ဒရစ် ဟာ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေး ဇယားထိပ်ကနေ ဆင်းပေးလိုက်ရပါတယ်။ တစ်ဆက်တည်းမှာ ဒီရာသီ လိဂ်နိုင်ပွဲ 100% ရယူထားတဲ့ မှတ်တမ်းကောင်းကလဲ ကျိုးပျက်သွားခဲ့ပါပြီ။

ဘာစီလိုနာ ဟာ အမှတ်ပေးဇယား ကို စုစုပေါင်း ရမှတ် 19 မှတ် (ရီးရဲ မက်ဒရစ် နဲ့ အတူ) ရပ်တည်နေပြီး ၊ ဂိုးကွာခြားချက်မှာ ရီးရဲ က +11 ၊ ဘာစီလိုနာ က +18 ဖြစ်နေတဲ့ အတွက် ထိပ်ဆုံးကို ကျော်တက်ခွင့် ရရှိသွားပါတယ်။

ဒီနှစ်သင်းဟာ နောက်ထပ် လာလီဂါ ပွဲ 2 ပွဲ ကစားပြီးတာ နဲ့ ထိပ်တိုက်တွေ့ကြတော့မှာပါ။ အောက်တိုဘာလ 16 ရက်နေ့မှာ ရီးရဲ မက်ဒရစ် ရဲ့ အိမ်ကွင်းမှာ တွေ့ဆုံကြမှာ ဖြစ်ပြီး ၊ ဒီရာသီ လာလီဂါ ချန်ပီယံ တိုက်ပွဲ အတွက် အရေးပါတဲ့ ပွဲမျိုး ဖြစ်လာတော့မှာ သေချာနေပါတယ်။

တစ်ချိန်က ပရိသတ် စိတ်ဝင်စားမှု လျှော့ကျခဲ့တဲ့ ကမ္ဘာကျော် အယ် ကလက်စီကို ပွဲစဉ်ဟာ ဒီနှစ်ရာသီမှာတော့ နောက်တစ်ကြိမ် ပြန်လည် သက်ဝင်လာခဲ့ပါပြီ။ ငွေကြေး သုံးစွဲတွေ အများကြီးလုပ်ကာ ပြန်လည် တည်ဆောက်ထားတဲ့ ဘာစီလိုနာ နဲ့ လူငယ် ခြေတက်တွေ ဝန်းရံထားတဲ့ ရီးရဲ မက်ဒရစ် တို့အကြား ပြိုင်ဆိုင်မှုက အသွင် သဏ္ဍာန် တစ်မျိုး နဲ့ ပုံဖော်လာဦးမှာပါ။

SM