ယူနိုက်တက် နဲ့ ပွဲအပြီး ဟာလန်း တင်ရှိသွားတဲ့ စံချိန် မှတ်တမ်းများ

ဟာလန်း ဟာ ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် အိမ်ကွင်း 3 ပွဲ ဆက်တိုက် ဟတ်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းရေးထိုးသွားနိုင်ခဲ့ပါပြီ။ သူဟာ ပဲလေ့ ၊ နော့တင်ဟမ် ဖောရက် ၊ ယူနိုက်တက် တို့ နဲ့ ပွဲတွေမှာ ဟတ်ထရစ်တွေ ရယူနိုင်ခဲ့တာပါ။

တစ်ချိန်တည်းမှာ မန်စီးတီး ကလဲ တစ်ပွဲထဲ နဲ့ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ကစားသမား 2 ယောက် အထိ ပိုင်ဆိုင်တဲ့ တတိယမြောက် ပရီးမီးယားလိဂ် အသင်း ဖြစ်လာခဲ့ပါတယ်။ 2003 ခုနှစ်က အာဆင်နယ် ဟာ ဆောက်သမ်တန် အသင်းကို 6-1 နဲ့ အနိုင်ရချိန်မှာ ပန်းနန့် နဲ့ ပီရက် တို့က တစ်ပြိုင်နက် ဟတ်ထရစ် ရယူခဲ့ဖူးပြီး ၊ လက်စတာ က ဆောက်သမ်တန် ကို 9-0 နဲ့ အနိုင်ရတဲ့ ပွဲမှာ ဗာဒီ နဲ့ ပီရက်ဇ် တို့က ဟတ်ထရစ် ရယူခဲ့ကြပါတယ်။ မန်စီးတီး အတွက်တော့ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဟာလန်း နဲ့ ဖိုဒန် တို့က မြို့ခံပြိုင်ဘက် အသင်းဘက်ကို တစ်ပွဲထဲ ဟတ်ထရစ်တွေ ဆက်တိုက် သွင်းယူပြခဲ့ပါတယ်။

ဟာလန်း ဟာ ယူနိုက်တက် နဲ့ ပွဲမှာ သူ ကိုယ်တိုင်လဲ 3 ဂိုး သွင်းယူသလို ၊ ဂိုးဖန်တီးမှုလဲ 2 ကြိမ် လုပ်ပေးနိုင်ခဲ့ပါတယ်။ အခု ဆိုရင် ပရီးမီးယားလိဂ် ပွဲ 8 ပွဲပဲ ကစားရသေးပေမယ့် စုစုပေါင်း သွင်းဂိုး က 14 ဂိုး ရှိပြီး ၊ ဂိုးဖန်တီးမှု က 3 ကြိမ် ရှိထားပြီးပါပြီ။

ဒီရာသီ မီးနစ် 200 အထက် ပါဝင် ကစားပေးထားတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားတွေ ထဲမှာ ဟာလန်း ရဲ့ သွင်းဂိုး ပါဝင် ပတ်သက်မှုနှုန်းက အမြင့်ဆုံး ဖြစ်ပြီး ၊ 39 မီးနစ် တိုင်းမှာ သွင်းဂိုး 1 ဂိုး (သို့) ဂိုးဖန်တီးမှု တစ်ကြိမ် လုပ်ဆောင်ပေးထားပါတယ်။

ဟာလန်း ဟာ ပရီးမီးယားလိဂ် 8 ပွဲ ကစားပြီးချိန်မှာပဲ ဟတ်ထရစ် 3 ကြိမ် အထိ ရယူထားပြီးပါပြီ။ ဒီ အရေအတွက် က ရိုနာဒို ၊ ဒရော့ဘာ ၊ ဆွန်ယောင်မင် ၊ ဗာဒီ ၊ ဆိုးရှား ၊ လူကာကူ တို့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရယူထားတဲ့ အရေအတွက်နဲ့ တူညီနေပါတယ်။ ဟာလန်း က 8 ပွဲပဲ ကစားရသေးတာပါ။

မန်ချက်စတာ ဒါဘီ ပွဲစဉ် သမိုင်းကြောင်း တစ်လျှောက်မှာ တစ်ပွဲ အတွင်းမှာပဲ သွင်းဂိုး 5 ဂိုး အထိ ပါဝင် ပတ်သက်နိုင်ခဲ့ဖူးတဲ့ ဘောလုံးသမား တစ်ယောက်မှ ထွက်ပေါ်ခဲ့ခြင်း မရှိပါဘူး။ ဟာလန်း က ပထမဆုံး အကြိမ် 5 ဂိုး အထိ ပါဝင် ပတ်သက်နိုင်ခဲ့တာ ဖြစ်ပါတယ် (3 ဂိုး ၊ 2 ဂိုး ဖန်တီး) – ဟာလန်း မရောက်ခင် အချိန်က ပရီးမီးယားလိဂ် မှာ ဟတ်ထရစ် 3 ကြိမ် အမြန်ဆုံး ရယူနိုင်ခဲ့တာက ငှက်မြန်လေးလို့ တင်စားခဲ့တဲ့ မိုက်ကယ် အိုဝင် ဖြစ်ပါတယ်။ သူဟာ လီဗာပူး အတွက် 48 ပွဲ ကစားပြီးချိန်မှာပဲ ဟတ်ထရစ် 3 ကြိမ် ရယူနိုင်ခဲ့တာပါ။ သို့သော် ဟာလန်း က 8 ပွဲ ကစားအပြီးမှာပဲ ရယူနိုင်ခဲ့တာပါ။ ပွဲအရေအတွက်က အရမ်းကို ကွာခြားလွန်းပါတယ်။

ဟာလန်း ဟာ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေရုံ မဟုတ်ပဲ ၊ ဥရောပ ထိပ်သီးလိဂ် 5 ခု ရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ သူဟာ ဂိုးပေါက် ကန်သွင်းမှု 33 ကြိမ် လုပ်ဆောင်ခဲ့ပြီး ၊ အကြိမ် 20 ဂိုးပေါက် တည့်ခဲ့ကာ ၊ အဲဒီထဲက 14 ကြိမ်ဟာသွင်းဂိုးအဖြစ်ပြာင်းလဲခဲ့ပါတယ်။

SM