ငယ်စဉ်က အေစီမီလန်မှာ ရော်နယ်ဒိုနဲ့ အတူ လေ့ကျင့်ခဲ့ရတဲ့ အခိုက်အတန့် တခု အကြောင်း ပြန်ပြောင်း ဖွင့်ဟလာတဲ့ အူဘားမီးယန်း

လာမယ့် ဗုဒ္ဓဟူးနေ့ညမှာ ယခုတပတ် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၃ မှ Big Match ဖြစ်တဲ့ ချဲလ်ဆီးနဲ့ အေစီမီလန် အသင်းတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားဖို့ ရှိပါတယ် ။ ဒါဟာ အုပ်စု E ကို ဦးဆောင်နေတဲ့ အသင်းနဲ့ ဇယား အောက်ဆုံး ရောက်နေတဲ့ အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ် ။

အရှေ့ ၂ပွဲမှာ တမှတ်သာ ရခဲ့တဲ့ ချဲလ်ဆီး အတွက် ဒီပွဲမှာ အနိုင် ၃မှတ် အပြည့် ရဖို့ ပိုအရေးကြီးနေပြီး ၊ ဒီပွဲ နိုင်မှသာ နောက်တဆင့် တက်ဖို့ မျှော်လင့်ချက် ရှင်သန်နိုင်မှာ ဖြစ်ပါတယ် ။ စနေနေ့က ပဲလေ့စ်နဲ့ ပွဲမှာတော့ နည်းပြသစ် လက်ထက် ချဲလ်ဆီးတို့ ပထမဆုံး နိုင်ပွဲ ရှာဖွေနိုင်ခဲ့ပါတယ် ။

ထိုပွဲမှာ အသစ်စက်စက် တိုက်စစ်မှူး ပီယာအမ်းမရစ် အူဘားမီးယန်းကလည်း ချဲလ်ဆီး အတွက် ပထမဆုံးဂိုး စသွင်းပေးနိုင်ခဲ့ပါတယ် ။ ယခင်က မီလန် အကယ်ဒမီမှာ အငှား ကစားခဲ့ဖူးတဲ့ အူဘားမီးယန်း အဖို့ ဒါဟာ ကစားသမား ဘဝမှာ မီလန်ကို ပြိုင်ဖက် အနေနဲ့ တကျော့ပြန် ရင်ဆိုင်ရမယ့် ပွဲလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ ပွဲအပြီး အင်တာဗျူး တခုမှာ အူဘားမီးယန်း က မီလန်မှာ သူ ကစားခဲ့စဉ် က ဘရာဇီး ဂန္တဝင် တိုက်စစ်မှူးဟောင်း ရော်နယ်ဒို နာဇာရီယိုနဲ့ အတူ တွဲလေ့ကျင့်ခဲ့ဖူးကြောင်း အမှတ်တရ ဖွင့်ဟရင်း ၊ ရော်နယ်ဒိုမှ အန်ဆယ်လော့တီကို ပြန်ပြီး စိန်ခေါ်ခဲ့ဖူးတဲ့ အခိုက်အတန့် တရပ် အကြောင်း အခုလိုပဲ ပြန်ပြောင်းပြောပြခဲ့ပါတယ် ။

အူဘားမီးယန်း က ” ကျွန်တော် မီလန်ကို ကောင်းကောင်း သိပါတယ် ။ ကျွန်တော် အဲဒီကို စရောက်ရောက်ချင်းတုန်းက မီလန်ဟာ အင်အား အရမ်း တောင့်တင်းတဲ့ အသင်း ဖြစ်ခဲ့ပါတယ် ။ ရော်နယ်ဒို ၊ မာလ်ဒီနီ ၊ နက်စ်တာ စတဲ့ အကျော်အမော်တွေနဲ့ပေါ့ ။ အဲဒီတုန်းက ကျွန်တော့ အသက် ငယ်ငယ်လေးပဲ ရှိပါသေးတယ် ။ ”

” ဒီကစားသမားတွေကြောင့်လည်း ငယ်ငယ်က မီလန်ဆီ နှစ်အနည်းငယ်ကြာ အငှားထွက်ဖို့ ရွေးချယ်ခဲ့တာပါ ။ ရော်နယ်ဒို ကစားတာကို ကြည့်ပြီး ၊ သူ့ဆီကနေ ရနိုင်သလောက် သင်ယူခဲ့ကာ ၊ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားခဲ့ရပါတယ် ။ အမှန်အတိုင်း ပြောရရင် သူ အဲဒီအချိန်တုန်းက နည်းနည်း ဝနေခဲ့ပါတယ် ။ ”

” ဒါပေမယ့် သူဟာ ခြေစွမ်း အကောင်းဆုံး အခိုက်အတန့်မှာ ရှိနေဆဲ ဖြစ်ခဲ့ပါတယ် ။ ထရိန်နင် တခုမှာ ကာလို အန်ဆယ်လော့တီက ဝိတ်မချတဲ့ သူ့ကို ဆူပူကြိမ်းမောင်းတော့ ၊ သူက ‘ ခင်ဗျား ကျွန်တော့ကို ဘာလုပ်စေချင်လဲ ? ပြေးစေချင်တာလား ? ဂိုးသွင်းစေချင်တာလား ? ‘ လို့ ပြန်မေးခဲ့ပါတယ် ။ ”

” အဲဒီမှာ အန်ဆယ်လော့တီက ဂိုးသွင်းပေးလို့ ပြောတော့ နောက်ပွဲမှာ ရော်နယ်ဒို ၂ဂိုး သွင်းပြခဲ့ပါတယ် ။ ဒါက တိုက်စစ်မှူး တဦးရဲ့ အရည်အချင်း ကဏ္ဍမှာ တစိတ်တပိုင်း ပါဝင်တယ် ဆိုရင် ခင်ဗျား အနေနဲ့ ဒီလို စိန်ခေါ်မှုမျိုး လိုကို လိုအပ်ပါတယ် ။ ဘာလို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာ အရ ကြံ့ခိုင်နေဖို့ လိုအပ်တာကြောင့်ပါ ။ ”

” ငယ်ငယ်တုန်းကတော့ ဒီအကျော်အမော်တွေ ကြားမှာ လေ့ကျင့် မှတ်သားလို့ ရသမျှ ကျွန်တော် တတ်နိုင်သလောက် လုပ်ဆောင်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး အူဘားမီးယန်း က ၄နှစ်နီးပါး ဝေးကွာခဲ့ရတဲ့ ချန်ပီယံလိဂ်မှာ တကျော့ပြန် ကစားရတဲ့ ခံစားချက်နဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

အူဘားမီးယန်း က ” ချန်ပီယံလိဂ် ကစားရတာကို လွမ်းဆွတ်လား ? သေချာတာပေါ့ ။ အခုတော့ ကျွန်တော် ဒီပြိုင်ပွဲကို ပြန်ရောက်လာပြီး ၊ ကိုယ်ဘာလုပ်နိုင်လဲ ဆိုတာ ထုတ်ပြဖို့ အခွင့်အရေး ရလာပါပြီ ။ ပရီးမီးယားလိဂ်မှာ တကျော့ပြန် ဂိုးစရခဲ့လို့လည်း ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR