ဂိုးသွင်းတာထက် ပိုပြီး လုပ်ပြနိုင်ခဲ့တဲ့ အာလင်း ဟာလန်း ကို ဂွာဒီယိုလာ ချီးကျုးပြောဆို

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ မနေ့ညက မန်ချက်စတာ ဒါဘီမှာ ဟက်ထရစ် သွင်းရုံမက အသင်းဖော်တွေ အတွက်ပါ ဂိုးဖန်တီးမှု ပြုလုပ် နိုင်ခဲ့တဲ့ တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

စီးတီး ဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ပြီး ခြေအပြတ်အသတ် အသာနဲ့ ကစားကာ ၆-၃ ရလဒ် နဲ့ အနိုင်ယူခဲ့ ပါတယ် ။

မန်စီးတီး အတွက် အာလင်း ဟာလန်း နဲ့ ဖီးလ် ဖိုဒန် တို့ က ဟက်ထရစ် ကိုယ်စီ သွင်းယူ ပေးခဲ့ကြပြီး လက်စတာ ရဲ့ ဗာဒီ နဲ့ ပီရက်ဇ် တို့ ပြီးပါက တပွဲတည်း ဟက်ထရစ် ၂ ကြိမ် ကို တသင်းတည်းက သွင်းယူ နိုင်တဲ့ ကစားသမားတွေ ဖြစ်လာခဲ့ကြ ပါတယ် ။

ဟာလန်း ဟာ စီးတီး ကို ရောက်လာစ တုန်းက အသင်းရဲ့ ကစားကွက်ထဲမှာ ပါဝင်ပတ်သက်မှု နည်းပါး ခဲ့ပြီး အသင်းက ဂိုးသွင်းချိန်မှသာ သူ့ရဲ့ တာဝန်ကို အကောင်းဆုံး စွမ်းဆောင်ပြခဲ့ပါတယ် ။

ဒါပေမယ့် မနေ့ညက ပွဲမှာတော့ နော်ဝေသားလေးဟာ အသင်းရဲ့ ကစားကွက် ထဲမှာ ရှိနေခဲ့ပြီး ဖိုဒန် နဲ့ အတွဲညီညီ ကစားသွားကာ ဖန်တီးမှု ၂ ကြိမ်ပါ ပြုလုပ် သွားခဲ့ ပါတယ် ။

“ဟာလန်း နဲ့ ပတ်သက်ပြီး ကျေနပ်ရတာကတော့ သူ ဒီပွဲမှာ အသင်းရဲ့ ကစားကွက် ထဲမှာ ပါဝင်ခဲ့တာ ပါပဲ” လို့ ဂွာဒီယိုလာ က ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုခဲ့ ပါတယ် ။

“ဂိုးသွင်း တာကတော့ သူ့တာဝန် ဖြစ်လို့ ဒါက ပုံမှန်ပါပဲ ။ သူ ပြောဖူးတာ ရှိပါတယ် ‘ကျွန်တော် ဘောလုံးကို ၅ ချက်ထိရင် ဂိုး ၅ ဂိုး ဖြစ်ချင်တယ်’ ဆိုပြီးတော့ပါ ။ ကျွန်တော် ဒါကို မကြိုက်ပါဘူး ။

ကျွန်တော် လိုချင်တာက သူ ဘောလုံးကို အရင်ထက် ပိုပိုပြီး ထိဖို့ပါ”

“ဟာလန်း က ဂိုးတွေသွင်းဖို့ မွေးဖွားလာသူပါ ။ ဒါပေမယ့် ကျွန်တော် ကတော့ သူ့ကို ဒီထက်ပို စေချင်ပါတယ် ။

အခု သူ ကစားကွက်ထဲမှာ လိုက်ပါ ကစားနိုင်တာကို ဝမ်းသာမိပါတယ် ။ ဒါပေမယ့် သူ့ရဲ့ အဓိက နဲ့ အကောင်းဆုံး အရည်အသွေးကတော့ ဂိုးသွင်းတယ် ဆိုတာကို မေ့လို့ မရပါဘူး” လို့ ဂွာဒီက ပြောဆိုခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် စီးတီး ဟာ အဆင့် ၁ က အာဆင်နယ် နောက်ကနေ ၁ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေး ထားနိုင်ခဲ့ ပါတယ် ။

လာမယ့် ကြားရက်မှာတော့ မန်စီးတီး ဟာ ချန်ပီယံလိဂ် ပွဲစဉ် အဖြစ် ကိုပင်ဟေဂင် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ဒီပွဲမှာတော့ ဟာလန်း ကို အနားပေးကောင်း ပေးနိုင်တယ်လို့ ဂွာဒီ က အရိပ်မြွက် ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“သူ ကစားရတဲ့ ပွဲတွေရှိသလို နားရတဲ့ ပွဲတွေလည်း ရှိလာမှာပါ ။ ကျွန်တော်တို့ ကံကောင်း ခဲ့တာက သူ မနှစ်တုန်းက ( ဒေါ့မွန်မှာ ) ပွဲတွေ များများ မကစားခဲ့ရ တာပါပဲ ။ ဒဏ်ရာက သူ့ကို အနားရစေခဲ့တာပါ ။

ကျွန်တော်တို့ ဆီ ရောက်လာချိန်မှာတော့ ဟာလန်း က အကောင်းဆုံး ကာယပုံစံမှာ ရှိနေပြီး ပွဲတွေ ကစားချင်စိတ် ၊ ဂိုးတွေ သွင်းချင်စိတ်တွေ ကလည်း ပြင်းပြ နေပါပြီ ။ ဒီအတွက် သက်ဆိုင်ရာ ဆေးအဖွဲ့တွေနဲ့ ဆရာဝန်တွေကို ကျေးဇူးတင် ရမှာပါ” လို့ ဂွာဒီယိုလာက ပြောပြသွားခဲ့ ပါတယ် ။

ဟာလန်း ဟာ လက်ရှိ ပရီးမီးယားလိဂ် မှာ ၁၄ ဂိုး အထိ သွင်းထား နိုင်ခဲ့ပြီး ဒုတိယ အများဆုံး ဖြစ်တဲ့ ဟယ်ရီကိန်း ထက် ၇ ဂိုး အသာ ရရှိထားပါတယ် ။

 

SPORTS MYANMAR