” သူတို့ နှစ်ဦးက Infinity Stones လက်အိတ်ရထားသလိုပါပဲ ။ ” အာဆင်နယ် အသင်းမှာ တောက်ပနေတဲ့ လူငယ် နှစ်ဦးကို ချီးကျုးလိုက်တဲ့ အီရန်ရိုက်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီရန်ရိုက် ကတော့ အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့် နှစ်ဦး ဖြစ်ကြတဲ့ ဆာလီဘာ နဲ့ မာတင်နယ်လီ တို့ဟာ Avengers ကားထဲက infinity stones တွေကို ပိုင်ဆိုင် ထားသလိုမျိုး အံ့ဖွယ် စွမ်းဆောင်ရည်တွေ ပြနေကြတယ်လို့ ချီးကျူး လိုက်ပါတယ် ။

ဒီရာသီ ပရီးမီးယားလိဂ် မှာ ပွဲတိုင်း ပွဲထွက် ကစားခွင့် ရနေတဲ့ အာဆင်နယ် အသင်း နောက်ခံလူ ဆာလီဘာ ဟာ မနေ့ညက စပါး နဲ့ ပွဲမှာလည်း တည်ငြိမ် ကောင်းမွန်လှတဲ့ စွမ်းဆောင်ရည်တွေ ပြသပြီး ပရိသတ်တွေ ရဲ့ နှလုံးသားကို ထပ်မံ သိမ်းပိုက် နိုင်ခဲ့ပါတယ် ။

ဒီရာသီမှာ ဆာလီဘာ ဟာ စုစုပေါင်း မိနစ် ၇၂၀ ကစားထားရာမှာ Possession Won အကြိမ် ၇၀ နဲ့ လိဂ် ပြိုင်ပွဲမှာ အများဆုံး ဖြစ်နေသလို ခုထက်ထိ သူ့ကို လိမ်ခေါက် ကျော်ဖြတ်နိုင်တဲ့ ကစားသမား တစ်ဦးမှလည်း မရှိသေးပါဘူး ။

 

မာတင်နယ်လီ ဟာလည်း အာဆင်နယ် အသင်းရဲ့ ဘယ်တောင်ပံ တိုက်စစ်နေရာကို အပိုင်စား ရထားပြီး ၈ ပွဲ ကစားထားရာမှာ ၃ ဂိုး သွင်း ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်ထားပါတယ် ။ အီရန်ရိုက်ကတော့ စပါး နဲ့ ပွဲအပြီး Match of the day အစီအစဉ်မှာ အာဆင်နယ် အသင်း ကစားသမားတွေကို ခုလို ချီးကျူး သွားခဲ့ပါတယ် ။

” ကျွန်တော်တို့လို အာဆင်နယ် ပရိသတ်တွေအတွက်တော့ နေ့ကောင်းရက်သာ ဖြစ်ခဲ့တဲ့ နေ့တစ်နေ့ပါပဲ ။ တကယ့်ကို မှော်ဝင်နေတဲ့ စွမ်းဆောင်ရည်ကို မြင်တွေ့ ခဲ့ရတဲ့ ပွဲပါ ၊ ရှာကာကို ကြည့်ရတာ အသစ် တစ်ဖန် ပြန်လည် မွေးဖွားလာသလိုပါပဲ ၊ အရင်ကနဲ့ လုံးဝ မတူအောင်ကို အဖက်ဖက်က တိုးတက် ကောင်းမွန်လာပါတယ် ။ ”

” မာတင်နယ်လီ နဲ့ ဆာလီဘာ ဆိုလည်း သူတို့မှာ infinity stones ရှိတယ်လို့ ထင်ရလောက်အောင်ကို ကစားပြ နေကြပါတယ် ။ ” လို့ ချီးကျူး သွားခဲ့ပါတယ် ။ ဒါပေမယ့် ရိုက် ရဲ့ စပါး နဲ့ ပွဲမှာ အကြိုက်ဆုံး ကစားသမား ကတော့ ညာနောက်ခံလူ အဖြစ် ကစားတဲ့ ဘန်ဝှိုက်ပါ ။

” အာဆင်နယ် အသင်းရဲ့ တိုးတက်လာမှုတွေကို ကြည့်ကြည့်ပါ ၊ ဂိုးကန်သွင်းချက်တွေ ပိုလုပ်နိုင်လာတယ် ၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်းမှာ ဘောလုံး ပိုင်ဆိုင်မှုတွေ ပိုလုပ် နိုင်လာတယ် ၊ ဒီနေ့ပွဲမှာ ကျွန်တော် အနှစ်သက်ဆုံး ကစားသမား ကတော့ ဘန်ဝှိုက်ပါပဲ ။ ”

” ဘန်ဝှိုက် ကစားသွားတာ အတော်ကောင်းခဲ့ပါတယ် ၊ စပါး အသင်းရဲ့နေရာလွတ်တွေကို ထိုးဖောက် ဝင်ရောက်ပြီး ကစားပြသွားတာများ အထင်ကြီး စရာပါပဲ ၊ ဒီနေ့ ပွဲရဲ့ဘောလုံးထိချက် အများဆုံး ကစားသမားကလည်း သူပါပဲ ၊သူ့ရဲ့ခြေစွမ်းအပေါ် လုံးဝ အားရ ကျေနပ်တယ်ဗျာ ။ ” လို့ ချီးကျူး ပြောကြား သွားခဲ့ပါတယ် ။

SM