မန်ချက်စတာဒါဘီရှုံးပွဲမှာ အသင်းဖော်တွေကို အကာကွယ်မဲ့စေခဲ့တဲ့ မန်ယူနိုက်တက် ကစားသမား ၂ ဦးကို ဝေဖန်လိုက်တဲ့ အာဆင်၀င်းဂါး

အာဆင်၀င်းဂါးဟာ မနေ့ညက တစ်ဖက်သတ်ဆန်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၆-၃ နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်ယူနိုက်တက်ရဲ့ ပထမပိုင်း ကစားပုံ အပေါ် ဝေဖန်သွားခဲ့တဲ့ အပြင် ကစားသမား ၂ ဦးကတော့ အာဆင်နယ် မန်နေဂျာဟောင်းရဲ့ အထူး ပြောဆိုခြင်းကို ခံခဲ့ရပါတယ်။ သရဲနီတို့ဟာ ပထမပိုင်းမှာ ဖိုဒန် ဟာလန်း တို့ရဲ့ ဂိုးတွေနဲ့ အတူ ယူနိုက်တက်ကို ၄-၀ နဲ့ ရှုံးနိမ့်နေခဲ့တာ ဖြစ်ပြီး ဧည့်သည်အသင်းဟာ အိမ်ရှင်တို့ရဲ့ အပြတ်အသတ် လွှမ်းမိုး ကစားမှုကို တုန့်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

 

ဒုတိယပိုင်းမှာ ယူနိုက်တက်ရဲ့ ကစားပုံဟာ တိုးတက်လာခဲ့ကာ မန်စီးတီး ဘက်ကို ၃ ဂိုး ပြန်သွင်းခဲ့ပေမယ့် ဟာလန်း နဲ့ ဖိုဒန် တို့ကတော့ ဟက်ထရစ်မြောက် ဂိုးတွေ ရခဲ့ကြပါတယ်။ အာဆင်၀င်းဂါး ကတော့ ပွဲဟာ တောင်ပံတွေမှာတင် ပြီးသွားခဲ့တာ ဖြစ်တယ်လို့ ခံစားမိနေပြီး ရုန်းကန်နေရတဲ့ နောက်တန်းအစွန်လူတွေကို အကာကွယ်မဲ့စေခဲ့ကာ လုံလောက်တဲ့ အကူအညီ မပေးခဲ့တဲ့ အန်သိုနီ နဲ့ ဂျေဒွန်ဆန်ချို တို့ကို ဝေဖန်ပြစ်တင် ခဲ့ပါတယ်။

၀င်းဂါးက “ပထမပိုင်းမှာ ကျွန်တော့် အတွက် မယုံနိုင်စရာ ဖြစ်ခဲ့တာကတော့ မန်ယူနိုက်တက်ဟာ တောင်ပံတွေမှာ ခံစစ် ကစားပုံ အတော်လေး ဆိုးရွားခဲ့လို့ ဖြစ်ပါတယ်။ ပွဲအစ ၁ မိနစ် ကတည်းက ဒီယိုဂိုဒါးလုတ်ဟာ အဝါကတ် ထိသွားခဲ့ပြီး ဆန်ချို နဲ့ အန်သိုနီ တို့ဟာ ခံစစ်ပိုင်း အတွက် အကူအညီ မပေးခဲ့ကြပါဘူး။ မန်စီးတီးဟာ ပထမပိုင်း တစ်ပိုင်းလုံးနီးပါး ယူနိုက်တက်ရဲ့ တောင်ပံတွေမှာ လူတွေစုဖွဲ့ကာ တိုက်စစ်ဆင် ကစားသွားခဲ့တာ ဖြစ်ပြီး နောက်တန်း အစွန်လူတွေဟာ အမြဲတမ်း ဒုက္ခများနေခဲ့ပါတယ်။

ဒါ့အပြင် ဘောလုံးရသွားတဲ့ အချိန်မှာလည်း မန်ယူနိုက်တက်ဟာ သူတို့ရဲ့ game plan အပေါ် တအားလေးစားမှု များနေတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ သူတို့ဟာ တိုက်စစ်ကို ဘောလုံး အမြန်ရောက်ဖို့ အတွက် တအားကို အလျှင်လိုနေကြပြီး ဒီအတွက်ကြောင့် ဘောလုံးတွေ အများအပြား ဆုံးရှုံးခဲ့ပြီး လုံလောက်တဲ့ ဘောလုံး ပိုင်ဆိုင်မှု မရှိခဲ့ပါဘူး။ သူတို့ဟာ ဘောလုံးပိုင်ဆိုင်မှု အတွက် မကစားခဲ့ဘဲ တန်ပြန်တိုက်စစ်ဆင်ဖို့ အတွက် ကိုသာ အာရုံများနေခဲ့ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ၀င်းဂါးက ထောင့်ကန်ဘောကနေ ဟာလန်း ခေါင်းတိုက်သွင်းယူခဲ့တဲ့ မန်စီးတီးရဲ့ ဒုတိယသွင်းဂိုးမှာ ယူနိုက်တက်ရဲ့ အရပ်အရှည်ဆုံးနောက်ခံလူ ရာဖေးဗာရန်း ကွင်းထဲမှာ ရှိမနေခြင်းဟာ စီးတီးကို ဂိုးတွေ ဆက်တိုက်ပေးခဲ့ရတဲ့ လမ်းစ တစ်ခု ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူဟာ ခြေကျင်း၀တ်လည်သွားပုံ ရပြီး အိမ်ရှင်တို့ ထောင့်ကန်ဘော မကန်မီ ကွင်းထဲကို ပြန်လည် ၀င်ခွင့်မရခဲ့ကာ ဒီအတွက်ကြောင့် အဲရစ်ဆင်ဟာ ဟာလန်းကို လူကပ်ခဲ့ရကာ အလုပ်တော့ မဖြစ်ခဲ့ပါဘူး။

၀င်းဂါးက “ယူနိုက်တက်နဲ့ ပက်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ တစ်ခုတည်းသော အခြေအနေ ကတော့ သူတို့ဟာ ရာဖေးဗာရန်း မရှိချိန်မှာ ဒုတိယဂိုးကို ခွင့်ပြုခဲ့ရတာပဲ ဖြစ်ပါတယ်။ ဟာလန်းကို အဲရစ်ဆင် လူကပ်နေတာကို ကျွန်တော် မြင်လိုက်ရတဲ့ အချိန်မှာတော့ မန်ယူနိုက်တက် အတွက် ကျွန်တော် စိတ်ပူမိခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

SM