ဖာဘင်ဟို နဲ့ စကားအချေတင် ဖြစ်ခဲ့တဲ့ ကလော့ပ်

လီဗာပူး ပရိသတ်တွေ အကြား အသင်းရဲ့ ယိမ်းယိုင်နေတဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ ပုံစံ အမျိုးမျိုး နဲ့ ဝေဖန်နေကြပါတယ်။ တစ်ချို့ က ဗန်ဒိုက် ရဲ့ စွမ်းဆောင်ရည်ကျနေတာ ၊ တစ်ချို့ အာနိုး ရဲ့ ခြေစွမ်းက သုံးမရအောင် စုတ်ပြတ်နေတာ စသဖြင့် ပုံစံ အမျိုးမျိုး နဲ့ ပြောဆိုနေကြပေမယ့် ၊ ဒီရာသီမှာ သိပ်ပြီး အပြစ် မပြောခံရပဲ ရှိနေတဲ့ ကစားသမား တစ်ယောက် ရှိနေပါတယ်။

သူကတော့ ကွင်းလယ် အဖျက်တာဝန် ယူထားတဲ့ ဖာဘင်ဟို ပါ။

တကယ်တော့ မနေ့ညက ကစားသွားတဲ့ ပွဲမှာ လီဗာပူး ကွင်းလယ်ဟာ နောက်တန်းကို ကာကွယ်မှုတွေ မလုပ်နိုင်တဲ့ အပြင် ၊ ဘရိုတ်တန် က ဘောလုံးရသွားတာနဲ့ တောက်လျှောက်ကို တိုက်စစ်ဆင်ခွင့် ပေးခဲ့ရတာ ဖြစ်ပါတယ်။

ကွင်းအတွင်း ဝင်ရောက် သတင်းရယူခဲ့တဲ့ သတင်းထောက်တွေ ကတော့ မနေ့ညက ပွဲစဉ် ဒုတိယပိုင်းမှာ ကလော့ပ် နဲ့ ဖာဘင်ဟို တို့အကြား စကားအချေတင် အနည်းငယ် ဖြစ်ခဲ့ကြသေးတယ်လို့ အခိုင်မာ ဆိုလိုက်ပါတယ်။

လီဗာပူး ဟာ 2-0 ရှုံးနိမ့်ခဲ့ရာကနေ ဒုတိယပိုင်းမှာ ပြန်လည် တိုက်စစ်ဆင်ပြီး ဖာမီနို ရဲ့ ချေပဂိုး နှစ်ဂိုး နဲ့ ပြန်လည် ဦးမော့လာနိုင်ခဲ့သလို ၊ ဝဘ်စတာ ရဲ့ Own Goal ကြောင့်ပါ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီ အချိန်မှာ ကွင်းထဲမှာ ရှိတဲ့ ကစားသမားတွေ က ဦးဆောင်ဂိုး ကို ထိန်းထားနိုင်ဖို့ ကျစ်ကျစ်လစ်လစ် ကစားနိုင်ခြင်း မရှိတဲ့ အပြင် ၊ ဘရိုတ်တန် ရဲ့ တိုက်စစ်ဆင်မှုတွေကိုပါ တရစပ် ခံနေရတာကြောင့် ကလော့ပ်ဟာ ကွင်းဘေးကနေ အကျယ်လောင်ဆုံး အော်ဟစ်ကာ ၊ တချိန်လုံး ညွှန်ကြားနေခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ကွင်းလယ်ကနေ ကာကွယ်ပေးဖို့ ပျက်ကွက်နေတဲ့ ဖာဘင်ဟို က ညွှန်ကြားချိန်မှာ ဘရာဇီး ကွင်းလယ်လူက နည်းပြ စကားကို မကြားချင်ယောင် ဆောင်နေခဲ့တယ်လို့ ရေးသားနေကြပြီး ၊ အသံကို မြှင့်ပြီး ထပ်အော်ပြောမှ အလေးမူတယ်လို့ ဆိုပါတယ်။

တစ်ချို့သော သတင်းအရင်းမြစ်တွေ ကတော့ ကလော့ပ် နဲ့ ဖာဘင်ဟို တို့ အကြား စကားအချေတင် အနည်းငယ်တောင် ဖြစ်ကြသေးတယ်လို့ ရေးသားနေတာ တွေ့ရပါတယ်။

လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲပေါင်း 7 ပွဲ ကစားပြီးချိန်မှာ 5 ပွဲက ဦးဆောင်ဂိုးတွေ အရင်ဆုံး ပေးရတာ ဖြစ်ပြီး ၊ ပြိုင်ပွဲပေါင်းစုံ နောက်ဆုံး ကစားခဲ့တဲ့ 15 ပွဲမှာ 10 ပွဲက ဦးဆောင်ဂိုးတွေ စောစောစီးစီး ခွင့်ပြုထားရတာ ဖြစ်ပါတယ်။

ဒီလို ယိုင်နဲ့သွားတဲ့ စွမ်းဆောင်ရည်တွေဟာ မယုံကြည်နိုင်စရာကောင်းလွန်းသလို ၊ ဘာကြောင့်လဲ ဆိုတာ အခုထိ အဖြေရှာနိုင်ခြင်း မရှိသေးပါဘူး။ ယခင် ကတော့ ကွင်းလယ်က တီယာဂို မပါလို့ ဆိုတာမျိုးတွေ ပြောသံကြားရပေမယ့် လက်ရှိမှာ တီယာဂို လဲ ပြန်ကစားနိုင်ပြီ ဖြစ်သလို ၊ တိုက်စစ်မှာလဲ ဂျော်တာ ၊ ဖာမီနို ၊ နူနက် တို့ အားလုံး စုံလင်နေတဲ့ အကြားက အသင်းရဲ့ ရလာဒ်တွေက ယိမ်းယိုင်နေတာ ဖြစ်ပါတယ်။

ဘရိုတ်တန် သွင်းယူသွားတဲ့ သုံးဂိုး စလုံးဆိုရင် ညာတောင်ပံ ခံစစ်ကြောင်းကနေ ထိုးဖောက်ရယူသွားခဲ့တာ ဖြစ်ပြီး ၊ တစ်ချိန်လုံး ပေါက်နေတဲ့ အဲဒီ အခြမ်းကို ကလော့ပ် အနေနဲ့ ရအောင် ပြုပြင်နိုင်ခြင်း မရှိတာလဲ အဓိက အားနည်းချက် တစ်ခုဖြစ်ပါတယ်။

လက်ရှိ လီဗာပူး တစ်သင်းလုံးမှာ အလီဆွန် ကလွဲရင် ကျန်တဲ့ ကစားသမားတွေ အားလုံးဟာ စိတ်ဓါတ်ပိုင်း အရရော ၊ ခြေစွမ်းပိုင်းမှာပါ ပုံမှန်အောက်ကို ရောက်ရှိနေပါတယ်။

Talk Sports ရဲ့ ဝေဖန် သုံးသပ်သူ အဘွန်လဟော် ကတော့ ဒီရာသီ လီဗာပူး ရဲ့ မျှော်လင့်ချက်ဟာ အဆင့် 4 ထက် မပိုဘူးလို့တောင် ခန့်မှန်းသွားခဲ့ ပါတယ်။

SM