နည်းပြဘဝ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲမတိုင်မီ ပြိုင်ဖက် နည်းပြ ဂွာဒီယိုလာ အပေါ် မှတ်ချက်ပေးလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် က မန်ချက်စတာ ဒါဘီပွဲ မတိုင်မီ ပြိုင်ဖက် နည်းပြ ပက် ဂွာဒီယိုလာ ကို ကမ္ဘာ့ အကောင်းဆုံး နည်းပြလို့ အမွှန်းတင် ချီးကျူး သွားခဲ့လိုက်ပေမဲ့ သူတို့ အသင်းက နောက်ကလိုက်ကစားမှာတော့ မဟုတ်ကြောင််း ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ဟာ ဒီတစ်ပါတ်မှာတော့ နည်းပြဘဝရဲ့ ပထမဆုံး မန်ချက်စတာ ဒါဘီပွဲကို ကိုင်တွယ်ရဖို့ ရှိနေပါတယ် ။ ဒါဟာ ဒီရာသီ သွင်းဂိုးတွေမြူးနေခဲ့တဲ့ မန်စီးတီးအသင်းကို တန်ဟတ် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ရမယ့် ပွဲစဥ်ပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ ရာသီအစ နှစ်ပွဲဆက် ရှုံးပွဲတွေ့ကြုံခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာလည်း နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့ပြီး အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည် ပြသထားနိုင်ခဲ့ပါတယ်။

အဲ့ဒီထဲမှာတော့ ယူနိုက်တက်တို့ဟာ ခါးသီး ပြိုင်ဖက် ဖြစ်တဲ့ လီဗာပူး အသင်းကို အနိုင် ကစားထားနိုင်ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် တစ် နေရာက အာဆင်နယ် အသင်းကိုပါ အနိုင်ယူထားနိုင်ခဲ့ပါတယ် ။ ဒါ့ကြောင့် ဒီပွဲစဥ်ဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ် ။

အခုတော့ မန်ချက်စတာ ဒါဘီ ပွဲစဥ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က တစ်ချိန်က လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ဖူးတဲ့ ပြိုင်ဖက် နည်းပြ ပက် ဂွာဒီယိုလာ ကို ချီးကျူးလိုက်ပြီး သူတို့ အသင်းဟာ ကိုယ့် Idea နဲ့ ကိုယ် ကစားသွားဖို့ ရှိနေကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကျွန်တော်တို့ဟာ ပွဲစဥ်ကို ကိုယ့်နည်းစနစ် ၊ ကိုယ်ဟန်နဲ့ ကစားလိုကြသူတွေပါ ။ ကျွန်တော်တို့ဟာ ဘယ်အသင်းပဲ ဖြစ်ဖြစ် လေးစားသမှုထားရှိကြသူတွေပါ ။ ဒါပေမဲ့ ဘယ်လိို အသင်းမျိုးနဲ့ပဲတွေ့ပါစေ ၊ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံနဲ့ပဲ ယှဥ်ပြိုင် ကစားသွားကြမှာပါ ”

” ဟုတ်တာပေါ့ ၊ ကျွန်တော် ပက်ကို ကောင်းကောင်း သိပါတယ် ။ ကျွန်တော်တို့ တစ်ယောက်အကြောင်းကို တစ်ယောက် ကောင်းကောင်းကြီး သိကြပါတယ် ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ 8 နှစ်တုန်းက အတူတူ အလုပ်တွဲလုပ်ခဲ့ကြတာပါ ။ နည်းပြ တစ်ဦး အဖြစ်နဲ့တော့ အရေးကြီးတာက ကျွန်တော်တို့ တိုးတက်ဖို့ ပါပဲ ”

” ဒါကို သူ လုပ်ပြနိုင်ခဲ့သလို ကျွန်တော်လည်း လုပ်နေခဲ့ပါတယ် ။ ကျွန်တော်တို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ပြောင်းလဲခဲ့ကြတယ်လို့ မျှော်လင့်မိပါတယ် ။ သူလည်း လုပ်ဆောင်နိုင်ခဲ့သလို ကျွန်တော်လည်း လုပ်ပြနိုင်ခဲ့တယ်လို့ သေချာပေါက်် ပြောရဲပါတယ် ”

” ကမ္ဘာ့အကောင်းဆုံး နည်းပြ… ဟုတ်ပါတယ် ၊ သူဟာ အဲ့ဒီ စာရင်းထဲ ပါဝင်သူ တစ်ဦးပါ ။ ကျွန်တော့် အတွက်တော့ သူဟာ အကောင်းဆုံး နည်းပြ တစ်ဦးပါပဲ ။ ဒါပေမဲ့ တကယ့်ကို ကမ္ဘာ့အဆင့် ရှိနေကြတဲ့ နည်းပြတွေလည်း အများကြီး ရှိကြပါသေးတယ် ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar