စပါး ကို အနိုင်ရခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲအပြီး အာဆင်နယ် နည်းပြ အာတေတာ ကို အရေးကြီး သတိပေးမှု တစ်ခု လုပ်လိုက်တဲ့ အပ်ဆန်

မက်သရူး အပ်ဆန် က အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတေတာ အနေနဲ့ ကွင်းလယ်လူ သောမက်စ် ပါတေး ဒဏ်ရာ ထပ်မရအောင် နည်းမျိုးစုံ သုံးပီး ကြိုးစား လုပ်ဆောင် သင့်တယ်လို့ သတိပေး ပြောကြား လိုက်ပါတယ် ။

ဂါနာ လက်ရွေးစင် ပါတေး ဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာကြောင့် အာဆင်နယ် အသင်း ရဲ့ ပွဲ ၄ ပွဲကို လွဲချော် ထားပြီး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းရဲ့ဒီရာသီ တစ်ပွဲတည်းသော ရှုံးပွဲဟာလည်း ပါတေး မပါနိုင်ခဲ့တဲ့ မန်ယူနိုက်တက် နဲ့ ပွဲမှာ ကြုံတွေ့ ခဲ့ရတာပါ ။

ပါတေးဟာ ပြီးခဲ့တဲ့ နိုင်ငံပွဲ ရက်သတ္တပတ်မှာ ဂါနာ အသင်း နဲ့ သွားရောက် ပူးပေါင်းစဉ် ဒဏ်ရာ အနည်းငယ် ရခဲ့တာကြောင့် အာဆင်နယ် အသင်းထံ စောလျင်စွာ ပြန်လာခဲ့ရပါတယ် ။ ကံကောင်းထောက်မစွာနဲ့ပဲ ပါတေး ဟာ စပါး နဲ့ ပွဲအမှီ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ လာခဲ့ပြီး ပွဲထွက် ကစားနိုင်ခဲ့ပါတယ် ။

ပါတေးပွဲထွက် ပါဝင်လာတဲ့ အာဆင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက် စပါး အသင်းကို အဖက်ဖက်က အသာစီး ရယူ ကစား နိုင်ခဲ့ပြီး ၃-၁ နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ ပါတယ် ။ ပါတေး ကိုယ်တိုင်လည်း စပါး နဲ့ ပွဲမှာ သူ့ရဲ့ အာဆင်နယ် ကစားသမား ဘဝ ပထမဆုံး အဝေး ကန်ချက် သွင်းဂိုး ကို သွင်းယူ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းမှာ ပါတေး ရဲ့အရေးပါမှုကို အပ်ဆန် က Stadium Astro မှာ ခုလို ပြောကြား သွားခဲ့ပါတယ် ။ ” ကျွန်တော့် အတွက်ကတော့ ပါတေး က man of the match ပါပဲ ၊ သူ ကစားတာ အတော်လေး ကောင်းခဲ့ပါတယ် ၊ ကွင်းလယ် ခံစစ် ကစားသမား တစ်ဦး ဖြစ်ပေမယ့် အသင်း အတွက် သွင်းဂိုး ပါဝင်ပတ်သက်မှုလည်း လုပ်နိုင်ခဲ့တယ်လေ ။ ”

” သူ က အာဆင်နယ် ကွင်းလယ် ရဲ့ကျောက်ဆောင်ပါပဲ ၊ ရှာကာ ရှေ့တက် ကစားနိုင်ဖို့ အော်ဒီဂတ် လွတ်လွတ်လပ်လပ် ကစား နိုင်ဖို့ သူက ပံ့ပိုး ပေးနေတာပါ ၊ နောက်မှာ သူ ရှိနေမှန်း သိတာကြောင့်လည်း ရှာကာ နဲ့ အော်ဒီဂတ် စိတ်ချလက်ချ ကစားနေနိုင်တာ ဖြစ်ပါတယ် ။ ”

” ဒီကနေ့မှာလည်း ပါတေး က build-up တွေ အတော်များများ ပါဝင် ခဲ့တာ တွေ့ရပါတယ် ။ ကျွန်တော့် အတွက် ကွင်းလယ်လူ တစ်ဦးရဲ့ man of the match ခြေစွမ်းပါပဲ ။ အာဆင်နယ် အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရချင်တယ်ဆိုရင် ပါတေး ရဲ့ပွဲကစားချိန် မိနစ် ကို စီမံခန့်ခွဲတာမျိုး ၊ လေ့ကျင့်ရေး အချိန်ဇယား ကို သေချာ ထိန်းညိုတာမျိုး လုပ်သင့်ပါတယ် ၊ သူတို့ အဓိက လုပ်ရမှာက ပါတေး ဒီနေ့လိုမျိုး အမြဲတမ်း ကြံ့ခိုင်မှု ပြည့်ဝ နေအောင်ပါပဲ ။ ” လို့ အကြံ ပေးသွားခဲ့ပါတယ် ။

SM