Breaking: ဒီနှစ် ရွှေဘောလုံးဆု အတွက် အမည်စာရင်းတွေပေါက်ကြား ( ဘယ်သူတွေ Top Ten လဲ )

ရွှေဘောလုံး ( Ballon D’or ) ဟာ ဘောလုံး လောက ရဲ့ ဂုဏ်သိက္ခာ အမြင့်ဆုံး ဆုတခုပါ ။ ဒီဆုကို ပြင်သစ် အခြေစိုက် France Football Magazine ( L’Equipe ) က ကမထက ပြုလုပ်ပြီး နှစ်တိုင်း ပေးအပ် ချီးမြှင့် ခဲ့ပါတယ် ( ၂၀၂၀ မှာတော့ ကိုဗစ်ကြောင့် မပေးဖြစ်ခဲ့ပါဘူး )

ဒီဆုကို လီယွန်နယ် မက်ဆီ က ၇ ကြိမ် နဲ့ အများဆုံး ရရှိထားပါတယ် ။ ဒီနှစ် အတွက် စကာတင် စာရင်းမှာတော့ ရွှေဘောလုံးများရှင်း မက်ဆီ ဟာ မနှစ်က စွမ်းဆောင်ရည် ကျဆင်းမှုတွေကြောင့် မပါနိုင်ခဲ့ ပါဘူး ။

နိုဝင်ဘာ – ဒီဇင်ဘာ မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် ဒီနှစ် ရွှေဘောလုံ ဆုပေးပွဲကို ရှေ့တိုးခဲ့ပါတယ် ။ ၂၀၂၂ ခုနှစ် အတွက် ရွှေဘောလုံး ဆုပေးပွဲကိုတော့ လာမယ့် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကျင်းပ သွားမှာပါ ။

စည်းမျဉ်းတွေလည်း အပြောင်းအလဲ လုပ်ခဲ့ပြီး အရင်လို ပြက္ခဒိန် တနှစ်စာ အစား ဘောလုံးရာသီ ပြက္ခဒိန် ( သြဂုတ် မှ ဇူလိုင် အထိ ) နဲ့ ချိန်ညှိ အမှတ်ပေးတဲ့ ပုံစံကို ပြောင်းလဲ ခဲ့ပါတယ် ။

ဒီနှစ် အတွက်မှာတော့ ပြင်သစ် နဲ့ ရီးရဲမက်ဒရစ် တိုက်စစ်မှူးကြီး ကာရင် ဘန်ဇီးမား ဟာ အငြင်းပွားဖွယ်ရာ မရှိတဲ့ ရွှေဘောလုံး ဆုရှင် အဖြစ် ရေပန်းစားခဲ့ ပါတယ် ။

ဘန်ဇီးမား ဟာ စည်းမျဉ်းသစ် ရဲ့ သတ်မှတ်ကာလ အတွင်းမှာ ပြင်သစ် နဲ့ UEFA Nations League ကို ရယူခဲ့သလို ကလပ် အသင်း ဖြစ်တဲ့ ရီးရဲမက်ဒရစ် နဲ့လည်း ပြည်တွင်း အမှတ်ပေး ဖလား ၊ ဥရောပ ချန်ပီယံလိဂ် ဖလား စတဲ့ အမြင့်ဆုံး အောင်ပွဲတွေကို ရရှိခဲ့ ပါတယ် ။

ပြည်တွင်း လာလီဂါ မှာလည်း ဂိုးအများဆုံး သွင်းကာ ရွှေဖိနပ်ဆုရှင် ဖြစ်ခဲ့ပါသေးတယ် ။

ဘန်ဇီးမား ဟာ မနှစ်က ရီးရဲ ရဲ့ အောင်ပွဲမှာ အဓိက အကျဆုံး အစိတ်အပိုင်း ဖြစ်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုး ၊ ဖန်တီးမှုတွေသာမက ဦးဆောင် နိုင်မှုဟာ ဗီနီဆီယပ် လို လူငယ် ကစားသမားတွေ ကို ဝေဖန်ခံရသူ အဖြစ် ကနေ ကမ္ဘာ့အဆင့် တောင်ပံ ကစားသမားတယောက် ဖြစ်လာအောင် တိုးတက်စေခဲ့ပါတယ် ။

ဒါကြောင့်လည်း ဘန်ဇီးမား ဟာ သူ့ဘ၀ ရဲ့ ပထမဆုံး ရွှေဘောလုံးဆုကို ရရှိဖို့ အပြတ်အသတ် ရေပန်းစား ခဲ့တာပါ ။

ဆုပေးပွဲ ကျင်းပဖို့ ၁၆ ရက်သာ လိုတော့တဲ့ အချိန်မှာတော့ ဆုရရှိမယ့် စာရင်းဟာ အွန်လိုင်းပေါ်ကို ပေါက်ကြား လာခဲ့ပါတယ် ။

အရင်ကလည်း ဒီလိုပဲ ဆုစာရင်းတွေ ပေါက်ကြားလေ့ ရှိပြီး ၉၀% ဟာ မှန်ကန်တဲ့ ပေါက်ကြားမှုတွေ ဖြစ်ခဲ့ ပါတယ် ။

ပေါက်ကြားလာတဲ့ ဆုစာရင်းမှာတော့ အားလုံး မျှော်လင့်ထားတဲ့အတိုင်း ဘန်ဇီးမား ဟာ နံပါတ် ၁ ချိတ်ကာ ရွှေဘောလုံးဆုရှင် ဖြစ်ခဲ့ပါတယ် ( ဖြစ်လာမယ် ) ။

ဘန်ဇီးမား နောက်မှာတော့ လီဗာပူး ကနေ ဘိုင်ယန်မြုးနစ် ကို ပြောင်းရွှေ့ သွားတဲ့ တိုက်စစ်မှူး ဆာဒီယို မာနေး က ရပ်တည်ခဲ့ ပါတယ် ။

မာနေး ဟာ မနှစ်က ဘောလုံး ပြက္ခဒိန် အတွင်းမှာ စွမ်းဆောင်မှု အရရော အောင်မြင်မှု အရပါ ဒုတိယ အကောင်းဆုံး ဖြစ်ခဲ့ပါတယ် ။

လီဗာပူး နဲ့ ရှုံးထွက်ဖလား ၂ လုံး ၊ ဒုတိယဆု ၂ ခု ရခဲ့သလို ဆီနီဂေါ လက်ရွေးစင် အသင်းနဲ့လည်း အာဖရိက ဖလား ကို ဆွတ်ခူးနိုင်ခဲ့ ပါတယ် ။ ဒီလို စွမ်းဆောင်မှုတွေ ရယူနိုင်မှုတွေကြောင့် မာနေး တယောက် ရွှေဘောလုံး ဆုပေးပွဲကို တက်ခွင့် ရသွားခဲ့ ပါပြီ ။

တတိယ နေရာမှာတော့ ဘန်ဇီးမား နဲ့အတူ ရီးရဲမက်ဒရစ် တိုက်စစ်ကို အတူပုံဖော်ခဲ့တဲ့ ဘရာဇီးသားလေး ဗီနီဆီယပ် ဂျူနီယာ က ရပ်တည်နိုင်ခဲ့ ပါတယ် ။ ဗီနီ ရဲ့ အတွေးထဲမှာတော့ တနေ့ နံပါတ် ၁ နေရာကို ရောက်ရမယ်ဆိုတဲ့ စိတ်ဓါတ် ခွန်အားတွေ အပြည့် ရှိနေမှာပါ ။

အကောင်းဆုံး ၁၀ ယောက် စာရင်းထဲမှာ ဆာလာ ၊ လီဝန်ဒေါ့စကီး ၊ အမ်ဘာပေ ၊ ဒီဘရိုင်းနား ၊ မိုဒရစ် ၊ ဆွန်ဟောင်မင် နဲ့ သီဘောက် ကော့တွာ တို့ ပါဝင်ခဲ့ကြပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကတော့ အဆင့် ၁၂ မှာ ရှိနေတယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR