အင်္ဂလန်အသင်းမှာ အလက်ဇန်းဒါးအာနိုးကို ဂါရက်ဆောက်ဂိတ်ရဲ့ လျစ်လျူရှုခဲ့မှု အပေါ် တုန့်ပြန်လိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က သူ့အနေနဲ့ ထရန့်အလက်ဇန်းဒါးအာနိုး အပေါ် ဂါရက်ဆောက်ဂိတ်ရဲ့ ကိုင်တွယ်မှု အပေါ် ရိုးသားတဲ့ ထင်မြင်ချက်သာ ပေးလိုက်မယ် ဆိုရင် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ အင်္ဂလန်ရဲ့ ပြင်ဆင်မှု အပေါ် အနုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုကို ရှိသွားစေလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ကာလမှာ အင်္ဂလန် အတွက် ရွေးချယ်ခံခဲ့ရပေမယ့်လည်း အီတလီကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာကော ဂျာမနီ နဲ့ ပွဲစဉ်မှာပါ ကစားခွင့် ရခဲ့ခြင်း မရှိပါဘူး။

ရိစ်ဂျိမ်းဟာ လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဆောက်ဂိတ်ရဲ့ နံပါတ် ၁ ဦးစားပေး ကစားသမား အဖြစ် ယူဆနိုင်ပြီး ဒီတစ်ပတ် အတွင်းမှာလည်း အင်္ဂလန် နည်းပြက ထရစ်ပီးယားဟာ သူရဲ့ ရွေးချယ်မှုမှာ အလက်ဇန်းဒါးအာနိုးရဲ့ အထက်မှာ ရှိနေတယ်လို့ ထုတ်ဖော်ခဲ့ပါသေးတယ်။ ကလော့ကတော့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက် အပေါ် သဘောကျဟန် မရှိဘဲ အသက် ၂၃ နှစ်အရွယ် ကစားသမားကို ခံစစ်ကစားပုံ ညံ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ အပေါ်လည်း တုန့်ပြန်သွားခဲ့ပါတယ်။

လီဗာပူး မန်နေဂျာက အင်္ဂလန် အနေနဲ့ အလက်ဇန်းဒါးအာနိုး နဲ့ ရိစ်ဂျိမ်း တို့ကို ပွဲထွက်ကစားသမား စာရင်းမှာ တစ်ပြိုင်နက် အသုံးပြုလို့ရတယ်လို့ ယူဆနေပြီး ချဲလ်ဆီး နောက်ခံလူဟာ သောမတ်တူချယ်ရဲ့ လက်အောက် back three မှာ ကစားခဲ့ဖူးတဲ့ အတွေ့အကြုံက ရှိထားပါတယ်။

အလက်ဇန်းဒါးအာနိုးကို Nations League ပွဲစဉ်တွေမှာ ကစားခွင့် မပေးခဲ့တဲ့ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက် အပေါ် မေးမြန်းရာမှာ ကလော့က “ခင်ဗျားတို့ ဒီကိစ္စကို တကယ့်ပဲ ဖွင့်ချချင်နေတာလား? ကျွန်တော် တကယ် ပြောနေတာပါ။ ခင်ဗျားတို့ဟာ အင်္ဂလန် ဂျာနယ်လစ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ အထိ လူရွေးချယ်မှုနဲ့ ပက်သက်ပြီး ဆွေးနွေးလို့ ရပါတယ်။ ခင်ဗျားတို့ အနေနဲ့ ဒီလို ကိစ္စတွေနဲ့ ပက်သက်ပြီး သတင်းခေါင်းကြီး တစ်ခု ဖန်တီးသွားမယ် ဆိုရင် ခင်ဗျားတို့ နိုင်ငံအတွက် ကောင်းမွန်တဲ့ ပြင်ဆင်မှု ဖြစ်လာမှာ မဟုတ်ပါဘူး။ အကယ်၍ ခင်ဗျားတို့ ထရန့်ကို ကိုင်တွယ်ခဲ့ပုံနဲ့ ပက်သက်ပြီး ကျွန်တော့်ကို ရိုးသားတဲ့ ထင်မြင်ချက်ကို တောင်းဆိုမယ် ဆိုရင် ဒါဟာ သတင်းခေါင်းကြီး ဖြစ်သွားမယ် ဆိုရင် ရှင်းပါတယ်။

ခင်ဗျားတို့ဒါကို အလိုရှိနေတာလား? ဒါဟာ ဂျာမနီကို အကူအညီ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သေတော့ မသေချာပါဘူး။ ဒါပေမယ့် ဒါဟာ အင်္ဂလန်ကိုတော့ အကူအညီ မဖြစ်စေပါဘူး။ ခင်ဗျားတို့ ဘာကြောင့် ဒီလို လုပ်ချင်နေတာလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒီကိစ္စမှာ ကျွန်တော်သာ အင်္ဂလန်ရဲ့ မန်နေဂျာ ဆိုရင်တော့ ခြားနားတဲ့ ရွေးချယ်မှုကို လုပ်ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်ဟာ ဒီအသင်းကို ကိုင်တွယ်နေတာ မဟုတ်ပါဘူး။

ခင်ဗျားတို့ ဒီကိစ္စကို ဆွေးနွေးချင်တယ် ဆိုရင် ကျွန်တော့်မှာ ပြောစရာတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ဒါဟာ အဓိပ္ပာယ် ရှိသလားဆိုတာတော့ မသေချာပါဘူး။ ကျွန်တော်တို့ဆီမှာတော့ သူက အိုကေပါတယ်။ ဘာလို့လဲဆိုတော့ ဒီမှာက လုံး၀ ခြားနားနေလို့ပါ။ ကျွန်တော့် ကတော့ ထရန့်ကို သူများနဲ့ မတူတဲ့ ပုံစံနဲ့ မြင်ပါတယ်။ ဒါကတော့ ရှင်းပါတယ်။ အပြင်မှာ ပုံပြင်တွေက တစ်ပုံကြီးပါ။ လူတွေက သူဟာ နောက်ခံလူကောင်း မဟုတ်ဘူးလို့ ပြောနေကြပါတယ်။ ဒါဟာ မမှန်ပါဘူး။ သူဟာ နောက်ခံလူဟောင်း တစ်ဦးပါ။ သူ့ရဲ့ ခံစစ်ကစားပုံက အမြဲတမ်းတော့ ကောင်းမနေပါဘူး။ ဒါကတော့ အမှန်ပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီအပိုင်းကို ပြင်ဆင်ပေးဖို့ အလုပ်လုပ်နေပါတယ်။ သူဟာ ၂၃ နှစ်သာ ရှိသေးတဲ့ လူငယ်ကစားသမားပါ။ တိုးတက်လာမယ့် အပိုင်းတွေ ရှိနေပါသေးတယ်။

ဒါပေမယ့် သူ့ရဲ့ တိုက်စစ်ပိုင်း အကျိုးပြုမှုကတော့ ကျွန်တော်တို့အတွက် သာမန်ထက် ထူးကဲပါတယ်။ ကမ္ဘာပေါ်က ဘယ်အသင်းအတွက် မဆို ဒီလို ဖြစ်နိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ ဘယ်အသင်းကိုပဲ ကိုင်တွယ်သည် ဖြစ်စေ သူ့ကို ခေါ်ယူဖို့ ကြိုးစားသွားမှာပါ။ ဘာလို့လဲဆိုတော့ သူဟာ ထူးချွန်တဲ့သူ ဖြစ်နေလို့ပါ။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် အမြဲတမ်း ထူးခြားကောင်းမွန်နေတဲ့သူတော့ မရှိပါဘူး။ ကျွန်တော့်ဘက်က ပြောချင်တာက ဒါပါပဲ။ ကျန်တာကတော့ ဂါရက်ရဲ့ အလုပ်ပါပဲ။ အင်္ဂလန်ဟာ နေရာတစ်ခုချင်းစီမှာ တကယ့်ကို ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ အားလုံးကို အသုံးပြုဖို့ဟာ ခက်ခဲပါတယ်။

ထရန့် နဲ့ ရိစ်ဂျိမ်း တို့ကို ပွဲထွက်စာရင်းမှာ ပြိုင်တူထုတ်သုံးနိုင်ပါတယ်။ ရိစ်ဂျိမ်းဟာ back three မှာ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူတို့ နှစ်ဦး ကွင်းထဲမှာ ဘယ်လို နေရာချိန်းပြီး ကစားသွားမလဲ ဆိုတာ စိတ်၀င်စားစရာပါ။

ရိစ်ဂျိမ်းဟာ Back three ကနေလည်း တိုက်စစ်ကို ကောင်းကောင်း ကူပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဂါရက်ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်ကတော့ ကိုယ့်အမြင်ကိုပဲ ပြောတာပါ။ ကျွန်တော့်အတွက်ကတော့ ထရန့်ဟာ ကမ္ဘာ့အဆင့် ကစားသမားပါ။ အခုဆိုရင် နိုင်ငံအတွက် ကစားခွင့်ရဖို့ ခက်ခဲနေပါတယ်။ ဘာလို့လဲဆိုတော့ အခြား ကစားသမားတွေကလည်း တအား ကောင်းနေလို့ ဖြစ်ပြီး သူတို့ကလည်း ကမ္ဘာ့အဆင့် အသင်းတွေမှာ ကစားနေကြလို့ပါ။” လို့ ဆိုလိုက်ပါတယ်။

SM