မြောက်လန်ဒန်ဟာ အနီရောင်ဖြစ်ကြောင်း မြင်တွေ့ခဲ့ရတဲ့ အာဆင်နယ် ၃-၁ စပါး ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် (၅) ချက်

စနေနေ့ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ယှဉ်ပြိင် ကစားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာတော့ အာဆင်နယ် အသင်းဟာ စပါး အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ အနိုင်ရပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နိုင်ခဲ့ပါတယ် ။

အိမ်ရှင် အာဆင်နယ် အသင်းဟာ ဒီနေ့ပွဲမှာ ဘရန့်ဖိုဒ့် အသင်းနဲ့ ပွဲက လူစာရင်းကို နှစ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ဗီအဲရာ နေရာမှာ အော်ဒီဂတ် နဲ့ တီယာနေး နေရာမှာ ဇင်ချန်ကို တို့ ပြန်လည် ပါဝင် လာခဲ့ပါတယ် ။ ဧည့်သည် စပါး အသင်းကတော့ လက်စတာ ကို အနိုင်ရခဲ့တဲ့ ပွဲက လူစာရင်းကို သုံးနေရာ ပြောင်းလဲခဲ့ပြီး ဆွန်ဟောင်မင် ပွဲထွက် ပြန်ပါဝင်လာခဲ့သလို အီမာဆင် နဲ့ ရိုမဲရိုး တို့လည်း ပါဝင် လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ပါ​တေး ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် နိုင်ခဲ့ပေမယ့် ၁၀ မိနစ်အကြာမှာ ဂါဘရီယဲလ် ရဲ့ ဖျက်ထုတ်မှုကြောင့် စပါး အသင်း ကို ပင်နယ်တီ ပြန်ပေးလိုက်ရပါတယ် ။ အဆိုပါ ပင်နယ်တီကို ဟယ်ရီကိန်း က အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့ပါတယ် ။

ဒုတိယပိုင်း စပြီး မကြာခင် မှာတော့ ဆာကာ ရဲ့ ကန်သွင်းချက် ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ဂျေးဇု က ပိတ်သွင်းခဲ့တာကြောင့် အာဆင်နယ် တို့ ပြန်လည် ဦးဆောင် နိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ အီမာဆင် တိုက်ရိုက် အနီကဒ် နဲ့ ထုတ်ပယ်ခံရတာကြောင့် အာဆင်နယ် ပွဲ ဖြစ်သွားခဲ့ပြီး ရှာကာက တတိယဂိုး ထပ်မံ သွင်းယူ ပေးခဲ့ပါတယ် ။

အာဆင်နယ် ၃-၁ စပါး ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် (၅) ချက် ကတော့

၁ ။ ပါတေး ရဲ့ လှပတဲ့ သွင်းဂိုး

ဒီနေ့ပွဲ မတိုင်ခင်အထိ ပါတေး ရဲ့အဝေးကန်ချက်တွေဟာ တိကျမှု နည်းပါးတာကြောင့် ပရိသတ်တွေဟာ ဂါနာသားကြီး ငှက်ချည်းပစ်နေတယ်လို့ ကျီစယ်လေ့ ရှိကြပါတယ် ။ ဒီနေ့မှာတော့ အာဆင်နယ် ပရိသတ်တွေ ပါတေး ရဲ့အဝေး ကန်ချက် သွင်းဂိုး ကို ပထမဆုံး အကြိမ် မြင်တွေ့ ခွင့် ရခဲ့ပါပြီ ။ ပါတေး ရဲ့ သွင်းဂိုးမှာ ဘောလုံး ပေးပို့မှု ၂၁ ကြိမ် အထိ ရှိခဲ့ပြီး ဘရန့်ဖိုဒ့် နဲ့ ပွဲက ဗီအဲရာ ရဲ့ သွင်းဂိုး နဲ့ အရေအတွက် တူတူပဲ ဖြစ်ပါတယ် ။ ပါတေး ဟာ ဘန်ဝှိုက် တည်ပေးပို့လိုက်တဲ့ ဘောလုံးကို မထိန်းဘဲ ဂိုးပေါက်ထဲ ကန်သွင်း လိုက်တာပါ ။ ဒီနေကတော့ ဂန်းနားတို့ အတွက် Partey brings the party to North London Derbey ပါပဲ ခင်ဗျာ …

၂ ။ အွန်နရီ ၊ အူဘာမီယန်း ၊ ပြီးတော့ အခု ဂျေးဇု

အာဆင်နယ် အသင်းရဲ့အမ်းမရိတ်ကွင်းကြီးရှေ့မှာ သီယာရီအွန်နရီ ရဲ့ ရုပ်ထုကြီး ရှိပါတယ် ။ အဲ့ဒီ ရုပ်ထုက အောင်ပွဲခံနေတဲ့ ပုံဟာ အွန်နရီ တစ်ယောက် စပါး ဘက်ကို ဂိုးသွင်းပြီးနောက် အောင်ပွဲ ခံပုံပါ ။ ပြီးခဲ့တဲ့နှစ်မှာ အာဆင်နယ် အသင်းရဲ့ အသင်း ခေါင်းဆောင် အူဘာမီယန်း ဟာ စပါး ဘက်ကို ဂိုးသွင်းအပြီးမှာ အွန်နရီ လို အောင်ပွဲခံ ပြခဲ့ပါတယ် ။

ဒီနှစ်မှာလည်း ဂျေးဇု ဟာ အွန်နရီ အောင်ပွဲခံပုံစံ အတိုင်း ထပ်မံ အောင်ပွဲ ခံပြ ခဲ့ပါတယ် ၊ စပါးနဲ့ ပွဲအတွက် အာဆင်နယ် တိုက်စစ်မှူးတွေရဲ့ သီးသန့် အောင်ပွဲ ခံပုံလို့ကို သတ်မှတ်လို့ ရတဲ့ အနေအထား ဖြစ်နေခဲ့ပါပြီ ၊ ထူးခြားမှု အနေနဲ့ အွန်နရီ ဟာ အူဘာမီယန်း နဲ့ ဂျေးဇု တို့ သူ့ကို တုပပြီး အောင်ပွဲ ခံခဲ့တဲ့ နှစ်ပွဲစလုံး ကို ပွဲကြည့်စင် ကနေ အားပေးနေခဲ့တာပါ ။

 

၃ ။ အွန်နရီ ရဲ့ စံချိန်ကို ချိုးဖျက်လိုက်တဲ့ ဟယ်ရီကိန်း

စပါး အသင်းကတော့ ဒီရာသီ ပထမဆုံး ရှုံးပွဲကြုံတွေ့ သွားခဲ့ပေမယ့် ကိန်း ကတော့ စံချိန် မှတ်တမ်းတွေ တင်နိုင်ခဲ့ပါတယ် ။ ပင်နယ်တီ ကနေ သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့တဲ့ ဟယ်ရီကိန်း ဟာ အာဆင်နယ် နဲ့ တွေ့ဆုံ ခဲ့တဲ့ ၁၈ ပွဲမှာ သွင်းဂိုး ၁၄ ဂိုး အထိ ရှိသွားခဲ့ပါပြီ ။ ကိန်းဟာ အာဆင်နယ် နဲ့ တွေ့တဲ့ ပွဲမှာ ပင်နယ်တီ ၆ ကြိမ် အထိ ကန်ခွင့် ရခဲ့ပြီး ၆ ကြိမ်စလုံး ဂိုးဝင်အောင် ကန်သွင်း ထားနိုင်ပါတယ် ။

ဒါတင်မကသေးပါဘူး ၊ ဟယ်ရီကိန်း ရဲ့ လန်ဒန် ဒါဘီ သွင်းဂိုး အရေ အတွက် ဟာ ၄၄ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်တာကြောင့် အာဆင်နယ် အသင်း ဂန္တဝင် တိုက်စစ်မှူး အွန်နရီ ရဲ့၄၃ ဂိုး စံချိန်ကို ကျော်တက် နိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ကိန်း ဟာ ပရီးမီးယားလိဂ် အဝေးကွင်း သွင်းဂိုး ၁၀၀ ပြည့်မြောက်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ် ။

၄ ။ သံသယ ရှိနေကြသူတွေကို အသံတိတ်သွားစေခဲ့တဲ့ အာဆင်နယ်

ဒီရာသီမှာ အာဆင်နယ် အသင်းဟာ နိုင်ပွဲတွေ ဆက်တိုက် ရခဲ့ပေမယ့် အများစုဟာ ဂန်းနားတို့ အပေါ် သံသယတွေ များနေခဲ့ကြပါတယ် ၊ မန်ယူနိုက်တက် ကို ရှုံးခဲ့ရတဲ့ ပွဲအပြီးမှာဆို အသင်းငယ်လေးတွေကိုပဲ အနိုင်ယူတတ်တဲ့ အာဆင်နယ် အသင်း ၊ same old arsenal ဆိုပီး ဝေဖန်သံတွေ ဆူညံခဲ့တဲ့ အထိပါပဲ။

ဒီနေ့ စပါး နဲ့ ပွဲမှာတော့ အာဆင်နယ် အသင်းဟာ မြို့ခံပြိုင်ဘက်ကို အဘက်ဘက်က အသာစီး ရယူပြီး ဝေဖန်သံတွေကို ငြိမ်သက်သွားစေခဲ့ပါတယ် ။ ဒီရာသီ အာဆင်နယ် အသင်းရဲ့အဓိက ရည်မှန်းချက်ဟာ Top 4 ဖြစ်ပေမယ့် လက်ရှိ ခြေစွမ်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် ထက် ပိုမို ထိုက်တန်တဲ့ အသင်း ဖြစ်ကြောင်း မြင်တွေ့ နေရပါပြီ ။

၅ ။ မှော်ဝင်နေတဲ့ ရှာကာ ၊ တည်ငြိမ်လွန်းလှတဲ့ ဆာလီဘာ

စည်းကမ်းပိုင်းဆိုင်ရာ အားနည်းမှုကြောင့် အာဆင်နယ် ပရိသတ် အများစု ရဲ့စိတ်ကြိုက်ကစားသမား မဟုတ်တဲ့ ရှာကာဟာ ဒီနှစ်မှာ အံ့အားသင့်ဖို့ ကောင်းလောက်အောင် စည်းကမ်းပိုင်းဆိုင်ရာရော ခြေစွမ်းရော အများကြီး တိုးတက် ကောင်းမွန် လာခဲ့ပါတယ်။ ရှာကာ ဟာ ဒီနေ့မှာလည်း စပါး ဘက်ကို သွင်းဂိုး ၁ ဂိုး သွင်းယူနိုင်ခဲ့ပြီး BT Sports ရဲ့Man of the Match ကို ထိုက်ထိုက်တန်တန် ရသွားခဲ့ပါတယ် ၊ ဆွစ်ဇာလန်သား ဟာ ဒီရာသီ ရှစ်ပွဲ ကစားအပြီးမှာ သွင်းဂိုး နှစ်ဂိုး ၊ ဂိုးဖန်တီးမှု ၃ ကြိမ် အထိ ပြုလုပ်ထားပါတယ် ။
ဆာလီဘာ ကိုတော့ ပွဲတိုင်း ချီးကျူးရသလိုကို ဖြစ်နေပါပြီ ၊

သူ့ရဲ့ အေးဆေးတည်ငြိမ်မှု နဲ့ ပါးနပ်မှု က အရွယ်နဲ့ မလိုက်အောင် အံ့မခန်းပါပဲ ၊ သူ့ရဲ့စွမ်းဆောင်ရည်ကိုလည်း အချက်အလက်တွေက ခုလို သက်သေထူထားပါတယ် ၊ ဒီရာသီမှာ ဆာလီဘာ ဟာ စုစုပေါင်း မိနစ် ၇၂၀ ကစားထားရာမှာ Possession Won အကြိမ် ၇၀ နဲ့ လိဂ် ပြိုင်ပွဲမှာ အများဆုံး ဖြစ်နေသလို ခုထက်ထိ သူ့ကို လိမ်ခေါက် ကျော်ဖြတ်နိုင်တဲ့ ကစားသမား တစ်ဦးမှလည်း မရှိသေးပါဘူး ။

SM