ပဲလေ့စ်နဲ့ ပွဲကို ချဲလ်ဆီး စတား ၄ဦး သေချာပေါက် လွဲချော်မှာ ဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ ဂရေဟမ် ပေါ်တာ

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲ အဖြစ် ခရစ်စတယ် ပဲလေ့စ် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်မှာ ဖြစ်ပါတယ် ။ နိုင်ငံတကာ ပွဲကာလ အပြီး ပထမဆုံး ကစားရတဲ့ ပွဲဖြစ်တာကြောင့် ၊ ကစားသမား အများအပြား ကြံ့ခိုင်မှု ရာနှုန်းပြည့်တော့ ဖြစ်မနေပါဘူး ။

ဒီ international break အတွင်း ချဲလ်ဆီးတို့ အားထားရတဲ့ ပြင်သစ် ဝါရင့် ကွင်းလယ်လူ အန်ဂိုလို ကန်တေနဲ့ ဆီနီဂေါ ဝါရင့် ဂိုးသမား အက်ဒိုဝါ့ဒ် မန်ဒီတို့ တဦးချင်း လေ့ကျင့်မှုတွေ ပြန်လည် စတင်နိုင်ခဲ့တာက အပေါင်း လက္ခဏာ ဆောင်ခဲ့ပါတယ် ။

သို့ပေမယ့် ၄င်းတို့ ၂ဦးလုံး ယနေ့ည ပဲလေ့စ်နဲ့ ပွဲမှာ ပါဝင်မှာ မဟုတ်ကြောင်း ချဲလ်ဆီး နည်းပြသစ် ဂရေဟမ် ပေါ်တာက မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့သလို ၊ စပိန် ကြယ်ပွင့် ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာနဲ့ ဆယ်ကျော်သက် လူငယ် ကွင်းလယ်လူ ကာနီ ချူကွီမက်ကာတို့ဟာလည်း အဖျားဝေဒနာ ခံစားနေရကြောင်း ထပ်ဆောင်း ဖြည့်စွက်ခဲ့ပါတယ် ။

ပေါ်တာ က ” အန်ဂိုလိုရော ၊ အက်ဒီရော မနက်ဖြန်ပွဲကို လိုက်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူတို့ဟာ အပြီးသတ် ကြံ့ခိုင်လုနီးပါး အနေအထားတော့ ရောက်နေပါပြီ ။ အန်ဂိုလိုကတော့ မြက်ခင်းပြင်နဲ့ စတင် ထိတွေ့နေပြီ ဖြစ်ပေမယ့် ၊ အသင်းလိုက် ထရိန်နင်မှာတော့ မပါနိုင်သေးပါဘူး ။ ”

” အက်ဒီကတော့ အန်ဂိုလိုထက်စာရင် နည်းနည်းလေး အခြေအနေ ပိုကောင်းနေပါတယ် ။ ဒါပေမယ့် မနက်ဖြန်ပွဲ ပါဖို့ အထိတော့ လုံလောက်မှု မရှိသေးပါဘူး ။ နောက်အပတ်လောက် ဆိုရင်တော့ သူ ကစားပေးနိုင်ပါလိမ့်မယ် ။ နောက်ပြီး မာ့ခ်ကူကူရယ်လာနဲ့ ကာနီ ချူကွီမက်ကာတို့ နေမကောင်းဖြစ်နေတာကလွဲရင် ၊ ကျန်တဲ့ ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယနေ့ည ပဲလေ့စ်နဲ့ ပွဲဟာ ဂရေဟမ် ပေါ်တာ အတွက် ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး ပရီးမီးယားလိဂ်ပွဲလည်း ဖြစ်ပါတယ် ။ လက်ရှိ ချဲလ်ဆီး အသင်းမှာ အရေးကြီးဆုံး ဖြစ်တဲ့ ပိုင်ရှင်နေရာက စလို့ ၊ အောက်ခြေသိမ်း ဝန်ထမ်းတွေ အထိ အပြောင်းအလဲ များစွာ ဖြစ်ထားတာနဲ့ ပတ်သက်ပြီးလည်း ပေါ်တာ က အခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ် ။

ပေါ်တာ က ” အပြောင်းအလဲ များတာက အကောင်းအဆိုး ဒွန်တွဲနေသလို ၊ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေပါတယ် ။ ဒါတွေကို ခင်ဗျား ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ် ။ ပိုင်ရှင် ၊ နည်းပြနဲ့ အခြားသော ဝန်ထမ်းတွေ ပြောင်းလဲသွားတာ အထိုက်အလျောက်တော့ ကောင်းပါတယ် ။ ”

” တခါတလေမှာ ဒါက ဘဝရဲ့ တစိတ်တပိုင်း ဖြစ်ပြီး ၊ ကျွန်တော်တို့ အနေနဲ့ ဒါကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ် ။ စိန်ခေါ်မှုဟာ ရေတို ဖြစ်တာထက် အနည်းငယ် ပိုပါတယ် ။ ဒါဟာ ရှိတဲ့ အရင်းအမြစ်တွေကို ဘယ်လို အသုံးချတာ ၊ ကိုယ့်ရဲ့ ဘောလုံး အိုင်ဒီယာထဲ ဘယ်လို အံဝင်ခွင်ကျ ဖြစ်အောင် လုပ်နိုင်မှာလဲ ၊ ဘယ်လို အောင်မြင်အောင် လုပ်မှာလဲ ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ် ။ ”

” ဒီလိဂ်မှာက အသင်းရဲ့ သမိုင်းကြောင်း ၊ အရင်းအမြစ်တွေက ခင်ဗျားကို ဘာတခုမှ အာမခံချက် မပေးနိုင်ပါဘူး ။ ပိုက်ဆံတွေ အများကြီး သုံးပြီး လိုချင်တဲ့ အောင်မြင်မှုတွေ ရချင်မှရတဲ့ ကလပ်တွေလည်း ဒုနဲ့ဒေးပါ ။ ဒီအရာတွေမှာ အစီအစဉ်တကျ ဖြစ်ဖို့နဲ့ အခြေအနေတွေ အပေါ် ချဉ်းကပ်သုံးသပ်ပုံ မှန်ကန်ဖို့ လိုပါတယ် ။ ”

” မရှိမဖြစ် ဆိုတာက အသက် သို့မဟုတ် သေခြင်းတရားနဲ့ သက်ဆိုင်တာ ၊ ဒါမှမဟုတ် ဒရာမာဆန်တာလည်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော်ဟာ လူတွေရဲ့ ထင်မြင်ချက် ၊ ရှုထောင့်တွေကို ထိန်းချုပ်နိုင်မှာ မဟုတ်သလို ၊ နောင်အနာဂတ်မှာ ဘာတွေ ဆက်ဖြစ်မယ် ဆိုတာကိုလည်း တွေးပူနေမှာ မဟုတ်ပါဘူး ။ ကိုယ့်အသင်း ကစားရမယ့် နောက်ပွဲ ၊ အသင်းရဲ့ ထရိန်နင် အကြောင်းပဲ အာရုံစိုက်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR