စပါး နဲ့ ပွဲမှာ ပါတေး ၊ ဇင်ချန်ကို ၊ တီယာနေး တို့ ပါဝင်နိုင်မှာလား ဆိုတဲ့ မေးခွန်းကို စကားလုံး ခြောက်လုံးနဲ့ အဖြေပြန် ပေးလိုက်တဲ့ အာတေတာ

ဒီနေ့ ညနေ ခြောက်နာရီ မှာ ယှဉ်ပြိုင် ကစားမယ့် မြောက်လန်ဒန် ဒါဘီပွဲ မတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲတွေမှာ နှစ်ဖက် အသင်း နည်းပြ နှစ်ဦးစလုံး ဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေကို ရှင်းရှင်းလင်းလင်း မပြောဘဲ သိုဝိုက် ထားခဲ့ကြပါတယ် ။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် နည်းပြ အာတေတာ ဟာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ” ပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ခန်း အစီအစဉ် ပြီးသွားခဲ့ပါပြီ ။ နိုင်ငံ အသင်းအတွက် သွားကစားပြီး မနေ့က ပြန်ရောက်လာကြတဲ့ ကစားသမားတွေ အများအပြား ရှိတာကြောင့် ပွဲမတိုင်မှီ ပြင်ဆင်ဖို့ အချိန် အနည်းငယ်ပဲ ရခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော့်ကောင်လေးတွေ အခြေအနေကောင်းမှာ ရှိနေပါတယ် ။ ”

ဆက်လက်ပြီး သတင်းထောက်တွေက နိုင်ငံ အသင်းအတွက် သွားကစားရင်း ဒဏ်ရာရ ပြန်လာကြတဲ့ ပါတေး – တီယာနေး နှင့် အစောပိုင်းထဲက ဒဏ်ရာ ပြဿနာ ရှိနေတဲ့ ဇင်ချန်ကို တို့ စပါး နဲ့ ပွဲလူစာရင်းမှာ ပါဝင် နိုင်မှာလားလို့ နည်းပြ အာတေတာ ကို မေးမြန်း ခဲ့ကြပါတယ် ။

အာဆင်နယ် နည်းပြ အာတေတာ ကတော့ သတင်းထောက်တွေ ရဲ့ မေးမြန်းမှုကို ပြုံးရယ်ပြီး ” They are the part of the team (သူတို့ဟာ ကျွန်တော်တို့ အသင်းရဲ့ အစိတ်အပိုင်းပဲလေ ) ” လို့ပဲ ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

အာတေတာ က တိတိကျကျ ပြောမသွားခဲ့ပေမယ့် အဓိက ကစားသမားတွေ အားလုံး စပါး နဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ ကစားသမားတွေရဲ့ အခြေအနေကို တိတိကျကျ မပြောတာ အာတေတာ တစ်ဦးတည်းတော့ မဟုတ်ပါဘူး ၊ စပါး နည်းပြ ကွန်တီ လည်း အတူတူပါပဲ ။

တစ်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စပါး နည်းပြ ကွန်တီ ဟာ ” အရိုးသားဆုံး ပြောရရင် ကစားသမားတွေရဲ့ ဒဏ်ရာ အခြေအနေအကြောင်း ကျွန်တော် မပြောပြချင်ပါဘူး ၊ ဘာကြောင့်လဲ ဆိုရင် အာဆင်နယ် အသင်း အသာရသွားတာမျိုး မဖြစ်စေချင်တာကြောင့်ပါ ။ ”

” ဒါပေမယ့် ကျွန်တော်တို့ ကြံ့ခိုင်မှု ပြဿနာ အချို့နဲ့ ရင်ဆိုင်ရမှာကတော့ သေချာပါတယ် ၊ အာဆင်နယ် နဲ့ ပွဲက ၄၃ ရက် အတွင်း ၁၃ ပွဲ ကစားရမယ့် ကာလရဲ့ ပထမဆုံးပွဲပဲ ရှိပါသေးတယ် ၊ ကျွန်တော်တို့ အကောင်းဆုံး အဖြေ ရှာသွားမှာပါ ၊ စွန့်စား သွားမှာတော့ မဟုတ်ပါဘူး ။ ”

” ကျွန်တော်တို့ စွန့်စားပြီး ကစားသမားတွေကို သုံးလိုက်ရင် သူတို့ကို နောက်ပွဲတွေ ဆုံးရှုံး ရပါလိမ့်မယ် ၊ အဲ့ဒီလိုသာ ဖြစ်လာရင် အကြီးအကျယ် ဒုက္ခရောက်မှာပါ ၊ သုံးရက် တစ်ပွဲ ကစားရမှာ ဖြစ်တာကြောင့် တစ်သင်းလုံးကို ကြည့်ပီး လူရွေးချယ်မှု လုပ်သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM