ဂရေဟမ် ပေါ်တာ အနေနဲ့ ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရယူလိုရင် ဘယ်လို နည်းစနစ်မျိုး ထုတ်သုံးသင့်တယ် ဆိုတာ အကြံပြုလိုက်တဲ့ မဲလ်ချော့

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ခရစ်စတယ် ပဲလေ့စ် အသင်းနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေပြီး ၊ ဒါဟာ နည်းပြသစ် ဂရေဟမ် ပေါ်တာ အတွက် ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး ကိုင်တွယ်ရမယ့် ပရီးမီးယားလိဂ်ပွဲလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ international break မတိုင်ခင် ကစားခဲ့တဲ့ ဆဲလ်ဇ်ဘာ့ဂ် အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာတော့ ချဲလ်ဆီးဟာ တဖက် တဂိုးစီ သရေသာ ကစားနိုင်ခဲ့ပေမယ့် ၊ ဂရေဟမ် ပေါ်တာ ဟာ ချဲလ်ဆီး နည်းပြ အဖြစ်နဲ့ သူ့ရဲ့ ကိုယ်ပိုင် နည်းစနစ် အချို့ကို ချပြသွားခဲ့ပါတယ် ။

ယနေ့ညမှာတော့ ပေါ်တာ အနေနဲ့ ချဲလ်ဆီး နည်းပြ ဘဝ ပထမဆုံး နိုင်ပွဲ ရှာဖွေဖို့ ကြိုးစားမှာ ဖြစ်ပြီး ၊ အောက်တိုဘာ ခရီးကြမ်းကို လှလှပပ ဖွင့်လှစ်နိုင်ဖို့ မျှော်လင့်မှာ သေချာပါတယ် ။ ချဲလ်ဆီး နောက်ခံလူဟောင်း မာရီယို မဲလ်ချော့ကတော့ ပေါ်တာ အနေနဲ့ ယနေ့ညပွဲမှာ အနိုင်ရချင်ရင် ၊ ခံစစ် အသားပေး ပုံစံနဲ့ ချဉ်းကပ်သင့်ကြောင်း အကြံပြုသွားခဲ့ပါတယ် ။

မဲလ်ချော့ က ” ပေါ်တာဟာ အဝေးပွဲတွေမှာ ပွဲကို လွှမ်းမိုးချုပ်ကိုင်တဲ့ နည်းစနစ်မျိုး ထုတ်သုံးတတ်တဲ့ နည်းပြ တယောက် မဟုတ်ဘူးလို့ ကျွန်တော် ခံစားမိပါတယ် ။ ပက်ထရစ် ဗီအဲရာ အကြောင်း ကျွန်တော် သိထားပြီး ၊ သူဟာ ဒီလိုပွဲမျိုးတွေကို အနိုင်ရချင်ပါတယ် ။ ”

” ချဲလ်ဆီးဟာ ခံစစ် အထိုင် ဆော့ရင် ပိုပြီး သက်တောင့်သက်သာ ရှိတာကြောင့် သူတို့ ဒီပွဲမှာ ခံစစ်အသားပေး ပုံစံ ဆော့သင့်ပါတယ် ။ ပေါ်တာရဲ့ ချဉ်းကပ်ပုံ အရဆိုလည်း သူဟာ ခံစစ် အထိုင် ပုံစံ သုံးပြီး တန်ပြန်တိုက်စစ်နဲ့ ပြန်ထိုးနှက်ဖို့ ဝန်မလေးတဲ့ပုံပါပဲ ။ ”

” အထူးသဖြင့် ပဲလေ့စ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ဒါက အမြဲ ခက်ခဲပါတယ် ။ ဆဲလ်ဟာ့စ်ပါ့ခ်ကို ရောက်ဖူးရင် ၊ ဒီကွင်းဟာ ခင်ဗျား ကစားရတာ နှစ်သက်တဲ့ ကွင်းတကွင်း မဟုတ်မှန်း သိပါလိမ့်မယ် ။ ပဲလေ့စ် ပရိသတ်တွေဟာ သူတို့ အသင်းသားတွေကို အပြည့်အဝ အားပေးကြမှာပါ ။ ”

” ဝီလ်ဖရစ် ဇာဟာ ဟာ ပဲလေ့စ် တိုက်စစ်ကို ဦးဆောင်မှာ ဖြစ်ပြီး ၊ သူဟာ ကွင်းတွင်း ပရိသတ်တွေကို အမြဲတမ်း ဆွဲခေါ်နိုင်ပါတယ် ။ ချဲလ်ဆီးသာ မိနစ် ၉၀ အပြည့် ပွဲကို သေသေချာချာ ထိန်းကစားနိုင်ရင် ၊ ပေါ်တာရဲ့ ပထမဆုံး နိုင်ပွဲ ဖြစ်လာမယ်လို့ ကျွန်တော် ခံစားမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး မဲလ်ချော့ က ” ဒီပွဲမှာ ချဲလ်ဆီးတို့ ဘာကြောင့် ခံစစ် အထိုင် ဆော့သင့်လဲ ဆိုတာ ခင်ဗျားတို့ကို ကျွန်တော် ပြောပြနိုင်ပါတယ် ။ အဝေးပွဲလည်း ဖြစ်တာကြောင့် ၊ ချဲလ်ဆီးကို ဖွင့်ဆော့ဖို့ ကျွန်တော် မမှန်းထားပါဘူး ။ လူတွေကတော့ ချဲလ်ဆီးကပဲ ဒီပွဲမှာ အပြည့်အဝ ထိန်းချုပ်မယ် ၊ လွှမ်းမိုးမယ် ၊ ဘောလုံး အမြဲ ကိုင်ထားမယ် ၊ ကစားပုံလှလှ ဆော့မယ်လို့ ထင်ကြပါတယ် ။ ”

” ကျွန်တော် နောက်ဆုံး ချဲလ်ဆီး ကစားခဲ့တဲ့ ပွဲကို ကြည့်ခဲ့ပါတယ် ။ သူတို့ ဒီလိုမျိုး မကစားနိုင်သေးပါဘူး ။ ပေါ်တာဟာ ကိုယ်ဘယ်လိုပုံစံနဲ့ ကစားစေချင်လဲ ဆိုတာ အရင်ဆုံး ပုံသွင်းနိုင်ဖို့ လိုပါတယ် ။ လူတွေက ပဲလေ့စ်ဟာ အသင်းငယ် တသင်းလို့ ပြောကြပါမယ် ။ ဒါပေမယ့် သူတို့သာ ဒီပွဲကို အနိုင်ရသွားရင် မအံ့သြကြပါနဲ့ ။ ဘာလို့လဲဆိုတော့ အိမ်ကွင်းမှာဆို သူတို့ ဒီလို ရလဒ်မျိုးတွေ စွမ်းဆောင်ပြနိုင်လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR