အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း လက်အောက်မှာ သူ အများကြီး တိုးတက်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ လော့ဖ်တပ်စ်ချိခ်

ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်ဟာ ၂၀၁၇ – ၂၀၁၈ ဘောလုံးရာသီမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ခရစ်စတယ် ပဲလေ့စ် အသင်းသို့ အငှား စထွက်ခဲ့ပြီး ၊ ထိုက်သင့်သလောက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားကို အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ သွားရောက်ခွင့် ရခဲ့ပါတယ် ။

ထိုစဉ်က ပဲလေ့စ်ကို အင်္ဂလန် လက်ရွေးစင် နည်းပြဟောင်း တဦး ဖြစ်တဲ့ ရွိုင်းဟော့ဂ်ဆန် က တာဝန်ယူ ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၊ လော့ဖ်တပ်စ်ချိခ် ဟာ ၄င်းရဲ့ လက်အောက်မှာ အထူး တိုးတက်မှု ရှိခဲ့တာကြောင့် နောက်တရာသီ ချဲလ်ဆီး နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ လက်ထက် စီနီယာ ပွဲကစားခွင့် အသင့်အတင့် စတင် ရရှိခဲ့တာ ဖြစ်ပါတယ် ။

ဒီအတွက်ကြောင့် ပဲလေ့စ် ဟာ အသက် ၂၆နှစ် ယင်းအင်္ဂလန်သားရဲ့ ကစားသမား ဘဝမှာ တစိတ်တပိုင်း လွှမ်းမိုးထားပါတယ်။ မနက်ဖြန်ညမှာတော့ ချဲလ်ဆီး ဟာ ဆဲလ်ဟာ့စ်ပါ့ခ်ကွင်းမှာ ပဲလေ့စ်နဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေတာကြောင့် ၊ လော့ဖ်တပ်စ်ချိခ် အနေနဲ့ ထိုပွဲမှာ ပွဲထွက်ခွင့် မဟုတ်ရင်တောင် ၊ လူစားဝင်ခွင့် မိနစ် အနည်းငယ် ရဖို့ မျှော်လင့်မှာ သေချာပါတယ် ။

ချဲလ်ဆီး တရားဝင် App နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လော့ဖ်တပ်စ်ချိခ် က ပဲလေ့စ်သို့ အငှားထွက်ခဲ့စဉ် ရွိုင်းဟော့ဂ်ဆန် လက်အောက်မှာ ခြေစွမ်းပိုင်း အများကြီး တိုးတက်ခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

လော့ဖ်တပ်စ်ချိခ် က ” ပဲလေ့စ်ဆီ တရာသီ အငှားထွက်ခဲ့တာက ကျွန်တော့ရဲ့ ကစားသမား ဘဝကို ကြီးကြီးမားမား အထောက်အကူ ပေးခဲ့ပါတယ် ။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ အသက် ၂၀ အရွယ်ပဲ ရှိသေးပြီး ၊ ပထမအသင်း ကစားခွင့် ရှာဖွေနေခဲ့တာပါ ။ ပဲလေ့စ်က အဲဒီအချိန်မှာ ကျွန်တော့ကို လိုလိုလားလားနဲ့ တရာသီ အငှား ခေါ်ခဲ့ပါတယ် ။ ”

” ဖရန့် ဒီဘိုးဝါးက ကျွန်တော်နဲ့ အတူ အလုပ်လုပ်ချင်ခဲ့တာ ဖြစ်ပြီး ၊ ကျွန်တော်လည်း ထိုနည်း၄င်း ခံစားခဲ့ရပါတယ် ။ အဲဒီနှစ် ရာသီ အတွက် သူ့မှာ ဖီလိုဆိုဖီကောင်းတွေ ရှိခဲ့ပါတယ် ။ သို့ပေမယ့်လည်း ကျွန်တော်တို့ရဲ့ တာထွက်က အကောင်းဆုံး အနေအထားမှာ မရှိခဲ့ပါဘူး ။ ”

” အဲဒီနောက် ရွိုင်းဟော့ဂ်ဆန် ဝင်လာတဲ့ အချိန်မှာမှ ၊ ကျွန်တော် သူ့လက်အောက် အထူး တိုးတက်ခဲ့ပါတယ် ။ ကစားသမား တယောက် အနေနဲ့ ကျွန်တော် အများကြီး ရင့်ကျက်လာတယ် ခံစားခဲ့ရပြီး ၊ နောက်တရာသီမှာ ချဲလ်ဆီးနဲ့ အတူ ကစားခွင့်တွေ စရခဲ့ပါတယ် ။ ”

” ဒီတော့ ဒါဟာ ကျွန်တော့ရဲ့ ဘောလုံးသမား ဘဝ အပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ လော့ဖ်တပ်စ်ချိခ် ဟာ ပြီးခဲ့တဲ့ ရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲမှာ အငှားကလပ်ဟောင်း ပဲလေ့စ်ဖက်သို့ ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

မနက်ဖြန်မှာ ရင်ဆိုင်ကစားရမယ့် ပွဲနဲ့ ပတ်သက်ပြီးလည်း လော့ဖ်တပ်စ်ချိခ် က ” ဆဲလ်ဟာ့စ်ပါ့ခ်ဆီ ပြန်သွားရတာကို ကျွန်တော် နှစ်သက်ပါတယ် ။ အဲဒီက ပရိသတ်တွေနဲ့ ကျွန်တော့ အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေဆဲပါ ။ ကွင်းတွင်း ပရိသတ်တွေရဲ့ အားပေးသံတွေက ကျယ်ကျယ်လောင်လောင် ရှိပြီး ၊ ဒါက ကျွန်တော်တို့ အတွက် အထောက်အကူတော့ မဖြစ်ပါဘူး ။ ”

” ပဲလေ့စ်မှာ စီနီယာ ကစားသမား ဘဝ ပထမဆုံးဂိုး သွင်းနိုင်ခဲ့သလို ၊ သူတို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲမှာပဲ ကျွန်တော် နောက်ဆုံး ဂိုးသွင်းနိုင်ခဲ့တာပါ ။ ဒီတော့ ပျော်ရွှင်စရာ အမှတ်တရတွေကို ကျွန်တော် ပြန်တွေးလို့ ရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR