ဖရက်ဒ် နဲ့ တွဲကစားချင်ပါတယ်လို့ ဆိုလာတဲ့ ဘရာဇီး ဂန္ထဝင်ကြီး ကားလိုစ့် ( အကြောင်းပြချက်က ဘာဖြစ်မလဲ ? )

ဘရာဇီး အသင်းရဲ့ ဂန္ထဝင် နောက်ခံ ကစားသမားကြီး ရော်ဘတ်တို ကားလိုစ့် က မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဖရက်ဒ် ဟာ သူ တွဲကစားဖူးချင်တဲ့ ဘောလုံးသမားတွေ ထဲက တယောက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဖရက်ဒ် ဟာ ယူနိုက်တက် မှာ စိတ်ကျေနပ်စရာ ကောင်းလောက်တဲ့ ပုံစံမျိုးကို မပြသနိုင်လို့ ဝေဖန်မှုတွေ ခံနေရသူ ဖြစ်ပေမယ့် ဘရာဇီး လက်ရွေးစင် အသင်းမှာတော့ ပွဲကစားခွင့် ပိုမို ရရှိလို့နေပါတယ် ။

ရီးရဲမက်ဒရစ် ၊ ဘရာဇီး အသင်းတို့နဲ့ ဆုဖလားတွေ ရယူခဲ့ဖူးတဲ့ ကားလိုစ့် က ဖရက်ဒ် အပါအဝင် မန်ယူနိုက်တက် ကို မကြာသေးခင်ကမှ ပြောင်းရွှေ့ လာတဲ့ ဘရာဇီး ကွင်းလယ်လူ ကက်စမဲရိုး တို့မှာ သူနှစ်သက်တဲ့ အရည်အသွေး ကောင်းတွေ ပိုင်ဆိုင် ထားကြပြီး သူတို့ ၂ ယောက်နဲ့ အတူ ကစားဖို့ စိတ်ကူး ကြည့်ဖူးတယ်လို့ ဖွင့်ဟ ပြောဆို သွားခဲ့ ပါတယ် ။

“အားလုံး သိတဲ့အတိုင်း ကျွန်တော် က တိုက်စစ်ကို ပိုအားသန်ပါတယ် ။ ဖရက်ဒ် လို ကစားသမားမျိုးက ကျွန်တော် ရှေ့တက်သွားတဲ့ အချိန်မှာ နောက်ကနေ လိုက်ပြီး ဖြည့်ပေး နိုင်မှာပါ ။ သူနဲ့ ဆိုရင် ကျွန်တော် ရှေ့ကို ပိုပြီး လွတ်လွတ် လပ်လပ် ကစားနိုင်မှာပါ ။ သူနဲ့ ကက်စမဲရိုး တို့လို ကစားသမားတွေက တိုက်စစ် သမားတွေကို စိတ်အေးရအောင် ကာဗာ လုပ်ပေးနိုင်ပါတယ်” လို့ ကားလိုစ့် က ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဘရာဇီးအသင်းသားတွေရဲ့ ပြန်လည်တွေ့ဆုံပွဲ အစီအစဉ်မှာ ပြောဆို သွားခဲ့ ပါတယ် ။

ဖရက်ဒ် ဟာ အခုရာသီမှာတော့ ယူနိုက်တက် အတွက် မိနစ် ၉၀ ပြည့် တပွဲမှ မကစားရ သေးဘဲ အခွင့်အရေးကို စောင့်ဆိုင်း နေရပါတယ် ။

ယူနိုက်တက် နည်းပြသစ် အဲရစ်တန်ဟတ် ဟာ ကွင်းလယ်မှာ တော်မီနေး နဲ့ ခရစ်ရှန် အဲရစ်ဆင် တို့ အတွဲကို ပွဲထုတ် ကစားနေပြီး ဖရက်ဒ် နဲ့ ရီးရဲ ကနေ ပြောင်းလာတဲ့ ကက်စမဲရိုး တို့ကတော့ အရန်ခုံမှာ အချိန်ကုန် နေခဲ့ရ ပါတယ် ။

ဖရက်ဒ် ဟာ တန်ဟတ် ရောက်ရှိလာကတည်းက ပရီးမီးယားလိဂ် မှာ စုစုပေါင်း ၄၅ မိနစ်သာ ကစားထားရ သေးပါတယ် ။

ဆောက်သမ်တန် ၊ လက်စတာ တို့ကို အနိုင် ရခဲ့တဲ့ ပွဲတွေမှာ ဆိုရင် ဘရာဇီးသားဟာ ပွဲပြီးဖို့ မိနစ်ပိုင်း အလိုမှသာ လူစားလဲ ဝင်ရောက်ခဲ့ရတာပါ ။

ဆိုဆီဒက် နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု အဖွင့်ပွဲမှာတော့ တန်ဟတ် က ဖရက်ဒ် ကို ပွဲထုတ်ခဲ့ပါတယ် ။

ဒါပေမယ့်လည်း ဖရက်ဒ် အတွက် ကံမကောင်းခဲ့ ပါဘူး ။ ယူနိုက်တက် တို့ အဲ့ဒိပွဲကို ရှုံးနိမ့် ခဲ့ပြီး ရှရစ် နဲ့ ကစားတဲ့ ပွဲမှာတော့ ဖရက်ဒ် ကို တန်ဟတ် ချန်လှပ် သွားခဲ့ပါတယ် ။

ယူနိုက်တက် ကို စရောက်လာတဲ့ ပထမ ၂ ရာသီမှာ ဖရက်ဒ် ဟာ ပြိုင်ပွဲစုံမှာ ယူနိုက်တက် အတွက် ၄၈ ပွဲ ကစားပေးခဲ့ ပါတယ် ။ မနှစ်က ရာသီတုန်းကလည်း ၃၆ ပွဲအထိ ကစားခဲ့ရတာပါ ။ ဒါပေမယ့် အခုရာသီက ပွဲကစားချိန်တွေ ကတော့ ဖရက်ဒ် အတွက် စိုးရိမ်စရာ ပါပဲ ။

အိုလေဂန်နာ ဆိုးရှား လက်ထက်မှာ ပုံမှန် ကစားခွင့် ရခဲ့တဲ့ ဖရက်ဒ် အတွက်တော့ နည်းပြ အပြောင်းအလဲဟာ စိတ်ပျက်စရာ ဖြစ်စေခဲ့မှာပါ ။

 

SPORTS MYANMAR