ဒီရာသီမှာ အာဆင်နယ် အသင်း နဲ့ အတူ ဖလား နှစ်လုံး ရယူဖို့ မျှော်မှန်းထားတယ်ဆိုတဲ့ ရမ်စ်ဒေးလ်

ဂန်းနားတို့ဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ ၆ ပွဲနိုင် ၁ ပွဲ ရှုံး နဲ့ အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည် နေနိုင်ပါတယ် ။ မနှစ်က ချန်ပီယံလိဂ် ဝင်ခွင့် နဲ့ ကပ်လွဲခဲ့ရတဲ့ အာဆင်နယ် အသင်းဟာ ဒီနှစ်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိရေး အာရုံစိုက် လုပ်ဆောင်နေပြီး ပရိသတ်တွေ မျှော်လင့်တာထက်ကို ပိုလုပ်ပြ ထားနိုင်ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိ ချန်ပီယံ မန်စီးတီး နဲ့ မြို့ခံပြိုင်ဘက် စပါး တို့ထက် တစ်မှတ် အသာရနေပြီး မနှစ်က ဒုတိယရခဲ့တဲ့ လီဗာပူး ကို ကိုးမှတ် ဖြတ်ထား နိုင်ပါတယ် ။ ဂန်းနားတို့ဟာ ဒီတစ်ပတ်မှာတော့ ခါးသီး မြို့ခံပြိုင်ဘက် တော့တင်ဟမ် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ် ။

တော့တင်ဟမ် အသင်း နဲ့ ကစားရမယ့် ပွဲမတိုင်မှီမှာ အာဆင်နယ် အသင်းရဲ့ဂိုးသမား ရမ်စ်ဒေးလ် ဟာ Joe Cole Cast အစီအစဉ်မှာ ပါဝင် ခဲ့ပြီး ဒီရာသီ သူ့ရဲ့ ဖလား ရည်မှန်းချက် အကြောင်း ၊ အကောင်းဆုံး လေ့ကျင့်ဖော် ၊ ဂျေးဇု နဲ့ ဇင်ချန်ကို တို့ရဲ့သက်ရောက်မှုတွေ အကြောင်း ဆွေးနွေး သွားခဲ့ပါတယ် ။

” ကျွန်တော့် တစ်ဦးတည်း ဆန္ဒ အရဆို ယူရိုပါလိဂ်ဖလား ရယူ ချင်ပါတယ် ။ လိဂ်အမှတ်ပေး ဇယားမှာ အဆင့် ၅ ပဲ ရရင်တောင် ယူရိုပါလိဂ် ဖလား ရရင် ချန်ပီယံလိဂ်ကစားရမှာပါ ၊ ချန်ပီယံလိဂ် လည်း ဝင်ခွင့်ရ ဖလား တစ်လုံးလည်း ရပေါ့ဗျာ ။ ”

” ကျွန်တော်တို့ ဒီနှစ် ချန်ပီယံလိဂ် ဝင်ခွင့် သေချာပေါက် ရယူ ချင်ပါတယ် ၊ ခါရာဘောင်း ဖလား သို့မဟုတ် အက်ဖ်အေဖလား ပြိုင်ပွဲ တစ်ခုခုမှာ ရလဒ်ကောင်းတွေ ရယူနိုင်ပီး အောင်မြင်မှု ရရင် ပိုကောင်းတာပေါ့ဗျာ ၊ ပြည်တွင်းဖလား တစ်လုံး နဲ့ ယူရိုပါလိဂ် ဖလားတစ်လုံးသာရရင် ပြီးပြည့်စုံတဲ့ ဘောလုံး ရာသီ တစ်ခုလို့ ဆိုနိုင်ပါတယ် ။ ”

ဆက်လက်ပြီး ရမ်စ်ဒေးလ် က ဇင်ချန်ကို ၊ ဂျေးဇု တို့ ရောက်ရှိလာမှုဟာ အသင်းကို ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်သွားစေသလဲ ဆိုတာ ခုလို ရှင်းပြ သွားခဲ့ပါတယ် ။ ” ဂျေးဇု နဲ့ ဇင်ချန်ကို တို့ နှစ်ဦးစလုံးက အသင်းထံ အရင်ကနဲ့ မတူညီတဲ့ အရာတွေ ယူဆောင်လာပေးပါတယ် ။ ”

” သူတို့ ယူဆောင်လာပေးတဲ့ အရာကို ဘယ်လို ပုံဖော် ပြောပြရမလဲ ဆိုရင် winning mentality ပေါ့ဗျာ ၊ သူတို့ က အောင်ပွဲတွေ ရယူချင်ကြသူတွေပါ ၊ လေ့ကျင့်ရေးကွင်းမှာလည်း နေ့တိုင်း ကျွန်တော်တို့တွေရဲ့စိတ်ဓတ်ကို မြှင့်တင် ပေးပါတယ် ။ ”

နောက်ထပ် မေးခွန်းတစ်ခု ဖြစ်တဲ့ လေ့ကျင့်ရေးကွင်းက အကောင်းဆုံး ထရိန်နာ က ဘယ်သူလဲဆိုတဲ့ မေးခွန်းကို ရမ်စ်ဒေးလ် က ” အော်ဒီဂတ် က ခေတ်သစ် ကပ္ပတိန်ပါပဲ ၊ သူက လေ့ကျင့်ရေးကွင်းကို အစောဆုံး ရောက်တဲ့ ငါးဦး ထဲ ပါသလို နောက်ဆုံးမှ ပြန်တဲ့ ငါးဦးထဲလည်း ပါပါတယ် ။ ကွင်းအတွင်းမှာလည်း ဘယ်တော့မှ ပုန်းရှောင်ပြီး မကစားတတ်ပါဘူး ၊ ဒါကြောင့် ဒီမေးခွန်း ကို မြင်တာနဲ့ ကျွန်တော်ကတော့ သူ့ကို အရင်ဦးဆုံး ပြေးမြင်ပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

SM