ဒီတစ်ပတ်ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကို ခန့်မှန်းပေးလိုက်တဲ့ ရီယိုဖာဒီနန်

ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဒီတစ်ပတ် မန်ချက်စတာဒါဘီ ပွဲစဉ်မှာ နည်းပြ အဲရစ်တန်းဟတ်ရဲ့ လက်အောက် သူတို့ရဲ့ ပုံစံကောင်းနဲ့ ပြန်လာခဲ့မှုကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။ သရဲနီတို့ဟာ ဒီရာမှာ တာထွက် ဆိုးခဲ့ပြီး အဖွင့်ပွဲစဉ် ၂ ပွဲမှာ ဘရိုက်တန် ဘရန့်ဖို့ဒ်တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။

ဘရန်ဖို့ဒ်ကို ၄-၀ နဲ့ ရှုံးခဲ့ပြီးနောက် အဲရစ်တန်းဟတ်ဟာ ကြီးမားတဲ့ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး ရော်နယ်ဒို မက်ဂွိုင်းယား လူ့ရှောတို့ကို အရန်ခုံ ပို့ဆောင်ခဲ့ကာ နွေရာသီမှာ ခေါ်ယူထားခဲ့တဲ့ မာလားစီးယား နဲ့ လီဆန်ဒရိုမာတီနက်ဇ် တို့ကို ယုံကြည်မှု ပေးခဲ့သလို အန်သိုနီ ကိုလည်း အရ ခေါ်ယူနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ ရလဒ်တွေဟာ အတက်ပိုင်းကို ရောက်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ထားခဲ့ပြီး ဒီအသင်းတွေထဲမှာ လီဗာပူးနဲ့ အာဆင်နယ် တို့လို ထိပ်တန်း အသင်းတွေလည်း ပါဝင်နေပါတယ်။ ဒီတစ်ပတ် လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ပွဲဟာ ယူနိုက်တက်ရဲ့ တိုးတက်မှုကို အစမ်းသပ်ခံရမယ့် ပွဲစဉ် ဖြစ်ပြီး သရဲနီတို့ အနေနဲ့ မန်စီးတီး အတွက် ၉ ပွဲမှာ ၁၄ ဂိုး သွင်းယူထားတဲ့ အာလင်းဟာလန်းလို တိုက်စစ်မှုးကို ရပ်တန့်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

စီးတီးဟာ ဒီရာသီမှာ နယူးကာဆယ် အက်စတွန်ဗိလာ တို့နဲ့ သရေကျထားခဲ့တဲ့ ပွဲစဉ်တွေလည်း ရှိနေပြီး ဖာဒီနန်က သူ့ရဲ့ အသင်းဟောင်းဟာ မန်စီးတီးကို ရပ်တန့်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ဖာဒီနန်က “ဒီတစ်ခါ ကစားသွားမယ့် မန်ချက်စတာဒါဘီဟာ တကယ့်ကို ပွဲကြီးပွဲကောင်း ဖြစ်လာမှာပါ။ ယူနိုက်တက်တို့ အနိုင်ရလိမ့်မယ်လို့ ကျွန်တော် ထင်ထားသလား? ကျွန်တော်ကတော့ သွင်းဂိုးတွေနဲ့ သရေကျသွားမယ်လို့ ရွေးချယ်သွားချင်ပါတယ်။ ဒါဟာ ဦးနှောက်သုံးပြီး ပြောတာထက်စာရင် နှလုံးသားနဲ့ ပြောတာဆိုရင် ပိုပြီး မှန်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေကျသွားလိမ့်မယ်လို့ပဲ ရွေးချယ်ပါတယ်။

ကစားသမား ဘဝတုန်းက ကျွန်တော်ဟာ ဒါဘီပွဲစဉ်တွေ ကစားရတာကို အရမ်း နှစ်သက်ပါတယ်။ မန်ချက်စတာဒါဘီဟာ အရင်တုန်းကလည်း ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် နှစ်သက်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ ဒီတစ်ပတ် ဒါဘီ ပွဲစဉ်တွေဟာ လူတွေရဲ့စိတ်ကို အမြင့်ဆုံး ပြန်လည် ဆွဲဆောင် သွားနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

အသင်းဟောင်းနဲ့ ပက်သက်ပြီး ယုံကြည်မှု မြင့်မားနေပေမယ့်လည်း ဖာဒီနန်ဟာ ဒီတစ်ပတ် သူ့ရဲ့ FPL အသင်းမှာ ယူနိုက်တက်ရဲ့ တိုက်စစ် ကစားသမားတွေကို ထည့်သွင်းသွားဖို့ ဆန္ဒ မရှိ ဖြစ်နေပါတယ်။

ဖာဒီနန်က “ပြီးခဲ့တဲ့ အပတ်က ကျွန်တော် ဆွန်ကို ထည့်ခဲ့ပါတယ်။ သူဟာ ဟက်ထရစ် သွင်းယူပြီး ကျွန်တော့်ကို အမှတ်တွေ အများကြီး ရယူပေးခဲ့ပါတယ်။ ဒီတစ်ပတ် ဆွန်ကို အသင်းခေါင်းဆောင် ပေးရမလား မပေးဘူးလား ဆိုတာ ကျွန်တော် စဉ်းစားနေခဲ့တာပါ။ ဒါပေမယ့် ကျွန်တော် ဒီတစ်ပတ် မီထရိုဗစ်ကို captain ပေးသွားမှာပါ။ နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲစဉ် ဖြစ်နေလို့ပါ။ စပါးက အာဆင်နယ်နဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် သူ့အတွက် ခက်ခဲတဲ့ပွဲ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM