အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင် အနှောင့်အယှက် ဝင်ပေးခဲ့တဲ့ လူကာကူရဲ့ အေးဂျင့်ကို ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်လိုက်တဲ့ တူချယ်

 

ချဲလ်ဆီး အသင်းရဲ့ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက် ဂိုးသွင်းထားကာ ၊ ယနေ့ည အက်ဖ်အေဖလား ဗိုလ်လုပွဲ အမှီ ချိန်သားကိုက် ခြေစွမ်းပြထားပါတယ် ။

တဖက်မှာ လူကာကူရဲ့ အေးဂျင့်ဖြစ်သူ ပတ်စတိုရယ်လို က မနေ့ကမှ သူ့ရဲ့ ကစားသမား ဖြစ်သူဟာ ချဲလ်ဆီးမှာ ပြဿနာ အခက်အခဲ အချို့ ရှိနေတဲ့ အကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ် ။ ဒါဟာ အရေးကြီးတဲ့ ရှုံးထွက်ဖလား ဗိုလ်လုပွဲမတိုင်မီ ချဲလ်ဆီးဖက်က လုံးဝ မလိုလားတဲ့ သတင်း တပုဒ်လည်း ဖြစ်ခဲ့ပါတယ် ။

 

ကာယကံရှင် ဖြစ်တဲ့ လူကာကူကတော့ အပြင်မှာ ထွက်ပေါ်ထားတဲ့ သတင်းတွေကို သူ ကိုယ်စားမပြုတဲ့ အကြောင်း ၊ လောလောဆယ်မှာ သူဟာ ချဲလ်ဆီး အသင်းနဲ့ အသင်းဖော်တွေ အတွက်သာ အာရုံစိုက်ပေးဆပ်နေတဲ့ အကြောင်း ဆိုရှယ်မီဒီယာ အကောင့်တွေကနေတဆင့် ပြန်လည် ဖြေရှင်းခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ဒီ သတင်းဟာ ၄င်းတို့ရဲ့ ပွဲပြင်ဆင်မှု အပေါ် စိတ်ပြောင်းစိတ်လွှဲ ဖြစ်စေမှာ မဟုတ်ပေမယ့် ၊ ဒီလို အရှုပ်အရှင်း သတင်းမျိုးကိုတော့ ဖိုင်နယ်မတိုင်ခင် အမှန်တကယ် မကြားလိုကြောင်း လူကာကူရဲ့ အေးဂျင့်ဖြစ်သူ ပတ်စတိုရယ်လိုထံ သတိပေးခဲ့ပါတယ် ။

 

တူချယ် က ” ရိုမီလူရဲ့ အေးဂျင့်က ကျွန်တော့ကို သူ့ရဲ့ အနာဂတ် အစီအစဉ်နဲ့ ပတ်သက်ပြီး မတိုင်ပင်ချင်ဘူးဆိုရင်တောင် အသင်းပိုင်ရှင်သစ်တွေနဲ့ ဆွေးနွေးချင်တယ်ဆို ကျွန်တော် အခု ကိစ္စကို လက်ခံ နားလည်ပေးလို့ ရပါတယ် ။ ကလပ်က တာဝန်ရှိသူတွေနဲ့ သူ တွေ့ဆုံ ဆွေးနွေးသွားမလား ဆိုတာ စောင့်ကြည့်တာပေါ့ ။ ”

” ဒါက သူ့ရဲ့ လုပ်ပိုင်ခွင့်ပါ ။ ကျွန်တော်တို့ကတော့ ဘယ်သူကိုမဆို လက်ခံ ဆွေးနွေးပါတယ် ။ ကျွန်တော်တို့ဟာ ရိုမီလူ အပါအဝင် အသင်းသား တဦးချင်းစီရဲ့ အခက်အခဲတွေကို ပြေလျော့အောင် ဖြေရှင်းပေးလိုစိတ် ရှိကြပါတယ် ။ ဘာတွေ ဆက်ဖြစ်မလဲ ၊ ဘယ်လို အစီအစဉ်တွေ ရှိမလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရအောင်ပါ ။ ”

 

” အမှန်အတိုင်း ပြောရရင် ဒီသတင်းကို ကျွန်တော် ကြားတာ လွန်ခဲ့တဲ့ ၅မိနစ် ၊ ၁၀မိနစ်လောက်ပဲ ရှိပါသေးတယ် ။ တခါတလေ ဘောလုံးမှာ ဒါမျိုးတွေ ဖြစ်တတ်ပါတယ် ။ လူတွေရဲ့ အာရုံစိုက်မှုက မြင့်မားတဲ့ အတွက် အခြေအနေက ထင်ထားတာထက် ပိုပြီး ကြီးကျယ်သွားတတ်ပါတယ် ။ ”

” ဒါမျိုးတွေကို ခင်ဗျားဟာ ပွဲကြီးတွေမတိုင်ခင် ဘယ်လိုမှ ကြားချင်မှာ မဟုတ်ပါဘူး ။ ကျွန်တော့ အတွက် ဒါက အာရုံ အလွှဲအပြောင်းတော့ မဖြစ်စေပါဘူး ။ အားလုံး ဒီဖိုင်နယ်ကို တဦးကောင်း မဟုတ်ပဲ ၊ စုစုစည်းစည်း ချဉ်းကပ် ကစားနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

တချိန်တည်းမှာ လူကာကူ ဟာ လတ်တလော ပြသနေတဲ့ စွမ်းဆောင်ရည်ကြောင့် ယနေ့ည ဗိုလ်လုပွဲ အတွက် ပွဲထွက်စာရင်းမှာ ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ် ။ တူချယ် ကတော့ အထောင် တိုက်စစ်နေရာမှာ အများစု ကစားထားရတဲ့ ကိုင်ဟာဗက်ဇ်နဲ့ လူကာကူကို တွဲဖက်ပေးဖို့ဆိုတာ ရွေးချယ်စရာ တရပ် ဖြစ်ပေမယ့် ၊ အထောင် တိုက်စစ်မှူး တယောက်ကိုပဲ အသုံးပြုဖို့ များကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ဟုတ်ပါတယ် ။ ကျွန်တော်တို့ဟာ သူတို့ ၂ယောက်လုံးကို တိုက်စစ်မြားဦးမှာ တပြိုင်တည်း တည်ပြီး ကစားချင်လည်း ကစားလို့ရပါတယ် ။ ဒါပေမယ့် သူတို့ဟာ တကယ် အတွဲညီပြီး လိုက်ဖက်မှု ရှိသလား ဆိုတဲ့ ဖီလင်မျိုးကိုတော့ ကျွန်တော် မခံစားရပါဘူး ။ ဒီတော့ ၂ယောက်ထဲက တယောက်ကပဲ တိုက်စစ်မြားဦးကို ဦးဆောင်လာဖို့ များပါတယ် ။ ”

 

” ဒါပေမယ့် ကျွန်တော် ခင်ဗျားတို့ကို ပွဲထွက်စာရင်း အကြောင်း ဘာတခုမှ ထုတ်ပြောသွားမှာ မဟုတ်ပါဘူး ။ နားထောင် ၊ ရိုမီလူဟာ နောက်ဆုံး ၂ပွဲဆက် ဂိုးပြန်သွင်းပြီး ပွဲကစားခွင့်တွေလည်း ရရှိထားပါတယ် ။ သူဟာ ဒီလို ကစားခွင့်တွေ ရဖို့ အရာရာ ကြိုးစားထားတာပါ ။ မနက်ဖြန် မနက်မှာ ကျွန်တော်တို့ ဘယ်သူတွေ ပွဲထွက်ခွင့် ရမလဲ ဆိုတာ ရွေးချယ် ဆုံးဖြတ်သွားပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR