ယနေ့ညမှာ ကာရာဘောင်ဖိုင်နယ်ကလို ပင်နယ်တီ အဆုံးအဖြတ် ရောက်ခဲ့ရင် ကီပါကို ဂိုးပေးဖမ်းဦးမှာလား ဆိုတဲ့ အမေးအပေါ် တုန့်ပြန် ပြောဆိုလိုက်တဲ့ တူချယ်

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ အဖြစ် လီဗာပူး အသင်းကို ဝင်ဘလေကွင်းမှာ ထိပ်တိုက် ရင်ဆိုင်သွားမှာ ဖြစ်ပါတယ် ။ ဒီ ၂သင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ခါနီးက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ ယှဉ်ပြိုင်ခဲ့ကြဖူးပါတယ် ။

ထိုစဉ်က အချိန်ပို ၂ပိုင်း အပါအဝင် မိနစ် ၁၂၀ အတွင်း ဘယ်သူကမှ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ၊ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ လီဗာပူးက ချဲလ်ဆီးကို ၁၁ – ၁၀ ရလဒ်နဲ့ အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ် ။ နောက်ဆုံး အဆုံးအဖြတ် ပင်နယ်တီမှာ ချဲလ်ဆီး ဂိုးသမား ကီပါ အရီဇာဘာလာဂါရဲ့ မိုးပေါ်ထောင်သွားတဲ့ ကန်ချက်က လီဗာပူးကို ဗိုလ်စွဲစေခဲ့တာ ဖြစ်ပါတယ် ။

 

ကီပါ ဟာ ရာသီသစ် မစတင်မီ ဥရောပ စူပါဖလား ဗိုလ်လုပွဲရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ဟီးရိုး ဖြစ်ခဲ့သလို ၊ ကာရာဘောင်ဖလား တတိယအဆင့်နဲ့ စတုတ္ထအဆင့်တွေမှာလည်း လက်စွမ်းပြခဲ့တာကြောင့် ၊ ဖိုင်နယ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ယုံယုံကြည်ကြည် တာဝန် အပေးခံခဲ့ရပါတယ် ။

သို့ပေမယ့် ထိုတကြိမ်မှာ ကီပါရဲ့ ပင်နယ်တီ မှတ်တမ်းကောင်း ရပ်တန့်ခဲ့ရကာ ၊ ကိုယ်တိုင် ပင်နယ်တီ တကြိမ်မှ မကာကွယ်နိုင်ခဲ့သလို ၊ အဆုံးအဖြတ် ပင်နယ်တီကိုလည်း လွဲချော်ခဲ့ပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ယနေ့ည ဖိုင်နယ်မှာ အလားတူ အခြေအနေမျိုး ကြုံလာခဲ့ရင် ၊ ကီပါကို ပင်နယ်တီ ထပ်ဖမ်းခိုင်းဦးမလား ဆိုတဲ့ အမေး အပေါ် အခုလိုပဲ ဖြေကြားခဲ့ပါတယ် ။

တူချယ် က ” ကီပါဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ၆ပတ်လုံးလုံး လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပင်နယ်တီ ကန်ကျင့်နေခဲ့တာပါ ။ အကယ်၍ ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်ခဲ့ရင် ၊ သူ့ကို လူစားလဲ သုံးဖို့ ရှိမရှိကိုတော့ ကျွန်တော် ဘာမှ ထုတ်မပြောလိုပါဘူး ။ ဒီအပေါ်မှာ ကျွန်တော် ကြိုတင်စဉ်းစားထားတာ ရှိပြီးသားပါ ။ ”

 

” အချိန်ကျရင် ခင်ဗျားတို့လည်း တွေ့မြင်ရပါလိမ့်မယ် ။ အကယ်၍ ကာရာဘောင်ဖလား ဗိုလ်လုပွဲကလို ကီပါကို လူစားလဲသုံးလို့ရမယ့် အခွင့်အရေးမျိုး ရလာခဲ့မယ်ဆိုရင် ကျွန်တော်တို့ အကောင်အထည် ဖော်သွားမှာပါ ။ ပွဲချဉ်းကပ်ပုံ သဘောတရား အရတော့ ကျွန်တော် ခင်ဗျားတို့ကို စောင့်ကြည့်ပါလို့ပဲ ပြောချင်ပါတယ် ။ ”

” ပွဲအခြေအနေနဲ့ အက်ဒူရဲ့ လက်စွမ်း အနေအထား ဘယ်လိုဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရအောင်ပါ ။ အရင်က ကျွန်တော်တို့ ဒါမျိုး မလုပ်ခဲ့ဖူးရင် ၊ အခုအချိန်မှ တကူးတက ထလုပ်သွားမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ လုပ်နိုင်မယ့် အရာတွေ အတွက် ကြိုတင် စီစဉ်ထားတာ ရှိပါတယ် ။ ”

 

” လေ့ကျင့်တာနဲ့ ပတ်သက်ပြီး ကျွန်တော် အနည်းငယ် ဝေခွဲမရ ဖြစ်မိတာက လေ့ကျင့်နိုင်စွမ်း ရှိတာနဲ့ ဘယ်လောက်ထိ လေ့ကျင့်ယူရမလဲ ဆိုတာပါပဲ ။ ကျွန်တော့ အသင်းသားတွေဟာ ဒီနှစ် ဘောလုံးရာသီ တလျှောက် ထရိန်နင်တိုင်းမှာ ပင်နယ်တီ ကန်ကျင့်လာကြတာပါ ။ ”

 

” ပင်နယ်တီကိုချည်းပဲ ပြင်းပြင်းထန်ထန် လေ့ကျင့်တာမျိုး မဟုတ်သလို ၊ ဗိုလ်လုပွဲ ကစားခါနီးမှ ပင်နယ်တီ ကန်ဖို့ ထကျင့်တာမျိုးလည်း မဟုတ်ပါဘူး ။ အနည်းဆုံး ဘောလုံးရာသီ တလျှောက် တရက် ၁ကြိမ် သို့မဟုတ် ၂ကြိမ်လောက် ကန်ကျင့်ကြပါတယ် ။ ဒီလို အချိန်ဇယား အလေ့အကျင့် တိတိကျကျ ရှိထားတာ ကောင်းပါတယ် ။ ”

” ဖိုင်နယ်မှာ မိနစ် ၁၂၀ အထိ ရေကုန်ရေခမ်း ကစားပြီးမှ ၊ ကွင်းပြည့်ကွင်းလျှံ ၂ဖက် ပရိသတ်တွေ စောင့်ကြည့်နေတဲ့ အရှေ့မှာမှ ပင်နယ်တီ ကန်ရတာတော့ အခြေအနေ တမျိုး ဖြစ်သွားပါပြီ ။ ဒီအတွက်တော့ ခင်ဗျား လေ့ကျင့်လို့မရပါဘူး ။ ပင်နယ်တီ အတွက် ခင်ဗျားမှာ ကိုယ်ပိုင် နည်းစနစ် ၊ အလေ့အကျင့်မျိုး ရှိသင့်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ဟာ ရေရှည် လေ့ကျင့်လာတာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR