မန်စီးတီး ၊ လီဗာပူးတို့ကို လိုက်မှီဖို့ ဘာလုပ်ရမလဲဆိုတာ တော့ဘ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်သစ်တွေထံ မက်ဆေ့ခ်ျပေးလိုက်တဲ့ ဖာဘရီဂတ်စ်

 

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကမှ ရုရှား ရေနံ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ဆယ်စုနှစ် ၂ခုနီးပါး ပိုင်ဆိုင်လာခဲ့တဲ့ ချဲလ်ဆီး အသင်းကို တော့ဒ်ဘိုလီ ဦးဆောင်တဲ့ အမေရိကန် စီးပွားရေး ရှယ်ယာစုသို့ ပေါင် ၂.၅ ဘီလီယံနဲ့ တရားဝင် ရောင်းချပြီးစီးခဲ့ပြီ ဖြစ်ပါတယ် ။

မေလ နောက်ဆုံး အပတ် မတိုင်မီ sanction တွေကို တရားဝင် ရုပ်သိမ်းခြင်း မရှိသေးပေမယ့် ၊ ပိုင်ရှင်သစ် အတည်ပြု ဖြစ်ပြီးတာကြောင့် ၊ ချဲလ်ဆီး အသင်း အနေနဲ့ လာမယ့် နွေရာသီ အတွင်း ကစားသမားသစ် ခေါ်ယူ အားဖြည့်မယ့် အကြောင်းနဲ့ ပတ်သက်ပြီး ကြိုတင် အစီအစဉ် ချထားလို့ ရနေပြီ ဖြစ်ပါတယ် ။

 

ကလပ်ကနေ အလွတ်နဲ့ ထွက်ခွာမယ့် နောက်ခံလူ အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ အပြင် ၊ စာချုပ် ကာလ အနည်းငယ် ကျန်ရှိသေးတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ၊ ဘယ်နောက်ခံလူ မားကို့စ် အလွန်ဆိုနဲ့ အနာဂတ် မရေရာမှုတွေ ရှိနေတဲ့ တိုက်စစ်မှူး ရိုမီလူ လူကာကူတို့ဟာလည်း ချဲလ်ဆီးကနေ ထွက်ခွာနိုင်ခြေ ရှိနေပါသေးတယ် ။

တဖက်မှာ ပိုင်ရှင်သစ်တွေဟာ နည်းပြ ဖြစ်သူ သောမတ်စ် တူချယ်ဖက်က အပြည့်အဝ ထောက်ခံကြောင်း ကလပ် ဝယ်ယူပြီးကြောင်း အတည်ပြု သတင်းတွေ ထွက်မလာကတည်းက ပြသခဲ့ကြပါတယ် ။ ဒီတော့ လာမယ့် နွေရာသီမှာ ငွေကြေး မတန်တဆ သုံးစွဲတာမျိုး မဟုတ်ရင်တောင် big signing ၂ခု ၊ ၃ခုလောက် ဖြစ်လာဖို့ များနေပါတယ် ။

 

ဒါ့အပြင် ကလပ် တရားဝင် ဝက်ဘ်ဆိုက်ဒ်ရဲ့ ဖော်ပြချက် အရ တော့ဒ်ဘိုလီနဲ့ ရှယ်ယာရှင်တွေဟာ အမျိုးသမီးနဲ့ အကယ်ဒမီ အသင်းတွေ အတွက် ရင်းနှီးမြှုပ်နှံမှု ဆက်လုပ်ပေးဖို့ ၊ ချဲလ်ဆီး ဖောင်ဒေးရှင်း တည်တံ့ဖို့ ၊ စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်း တိုးချဲ့ဖို့ ပေါင် ၁.၇၅ ဘီလီယံ စိုက်ထုတ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ် ။

လက်ရှိ မိုနာကို အသင်းရဲ့ ကွင်းလယ်လူလည်းဖြစ် ၊ ချဲလ်ဆီး ကွင်းလယ်လူဟောင်း တဦးလည်း ဖြစ်တဲ့ ဆက်စ် ဖာဘရီဂတ်စ် ကတော့ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်သစ်တွေ အနေနဲ့ လီဗာပူး ၊ မန်စီးတီးတို့ကို အမှီလိုက်နိုင်ဖို့ ၊ ရိုမန် အေဘရာမိုဗစ်ခ်ျ ချပြခဲ့တဲ့ လမ်းစဉ်ကို ဆက်လက် ကျင့်သုံးဖို့ လိုကြောင်း အကြံပေး တိုက်တွန်းခဲ့ပါတယ် ။

The Times သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဖာဘရီဂတ်စ် က ” ကလပ် တသင်း ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ အင်အားဖြည့်တင်းမှု အပေါ်မှာပဲ အလုံးစုံ မူတည်နေပါတယ် ။ ကမ္ဘာ့ အကောင်းဆုံး ကလပ်တွေ ဖြစ်တဲ့ လီဗာပူး ၊ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ် ၊ မန်စီးတီး အစရှိတဲ့ ထိပ်တန်း အသင်းတွေဟာ နှစ်စဉ်နှစ်တိုင်း ကစားသမားသစ် ဖြည့်တင်းမှုတွေ လုပ်နေကြပါတယ် ။ ”

 

” ခင်ဗျားဟာ ထိပ်တန်း ကလပ်တွေနဲ့ အမြဲလိုလို ရင်ဘောင်တန်း ယှဉ်ပြိုင်ချင်ရင်တော့ ၊ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်ချင်ရင်တော့ ၊ ခင်ဗျား ဟာ အသင်းရဲ့ အင်အား တောင့်တင်းသထက် ပိုမို တောင့်တင်းလာအောင် ရင်းနှီးမြှုပ်နှံရမှာပါ ။ ”

 

” အခု ရောက်လာတဲ့ ပိုင်ရှင်သစ်တွေဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း ရိုမန် ချဲလ်ဆီးကို ဘယ်လိုမျိုး တည်ဆောက်လာခဲ့သလဲ ဆိုတာ သေသေချာချာ လေ့လာပြီး ၊ တူညီတဲ့ လမ်းစဉ် အတိုင်း ဆက်လက် ကျင့်သုံးဖို့ ၊ ကြိုးစားဖို့ မျှော်လင့်ပါတယ် ။ ဘာလို့လဲ ဆိုတော့ ရိုမန် ချပေးခဲ့တဲ့ အခြေခံ အုတ်မြစ်က သူမတူအောင် ထူးခြားလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

 

SPORTS MYANMAR