ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် လီဗာပူးမှာသာ ဆက်နေဖြစ်ခဲ့တဲ့ အကြောင်းရင်းကို ရှင်းပြလိုက်တဲ့ ကလော့ 

 

ယာဂန်ကလော့က သူ့အနေနဲ့ လီဗာပူး နည်းပြ အလုပ်ကို အခြားအလုပ်နဲ့ လဲလှယ်သွားမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး အန်ဖီးမှာ ဆက်နေဖို့အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ ထုတ်ဖော်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ က လီဗာပူးကို ပြောင်းလာခဲ့တဲ့ ကလော့ဟာ ပြီးခဲ့တဲ့လက လီဗာပူးမှာ လာမည့် ၂၀၂၆ ခုနှစ်ထိ ဆက်ရှိနေတော့မယ့် စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပါတယ်။

 

လီဗာပူးနည်းပြဟာ ယနေ့ ၀င်ဘာလေမှာ လီဗာပူးကို ဦးဆောင်ကာ နောက်ထပ် ပြည်တွင်းဖလားတစ်လုံးအတွက် ချဲလ်ဆီးနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ လီဗာပူးဟာ ဖလားလေးလုံး လမ်းကြောင်းပေါ်မှာ ဆက်ရှိနေဆဲ ဖြစ်ပေမယ့် ကာရာဘောင်ဖလား တစ်လုံးတည်းနဲ့သာ ကျေနပ်သွားရမယ့် အခြေအနေလည်း ဖြစ်သွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ကလော့က သူ့အတွက် ဒီထက် ပိုကောင်းတဲ့ နေရာ ရှိနိုင်မယ်လို့ မထင်မိကြောင်း ဆိုလိုက်ပြီး လီဗာပူးနည်းပြဘ၀အတွင်း ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချခဲ့ဖူးတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ကလော့က “ခြားနားတဲ့ အခြေအနေတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် ကျွန်တော် ဘယ်ကလပ်ကို သွားသင့်သလဲ? ကျွန်တော့်ကို ပြောပါ။ ကျွန်တော် လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာကတော့ ပက်ကို ‘ခင်ဗျား ဖလားတွေ ရယူနေရတာဟာ စိတ်ကုန်နေတာကြောင့် စီးတီးကို ကျွန်တော့်ထံ လက်လွှဲခဲ့မလား?’ လို့ သွားမေးတာပဲ ဖြစ်ပါတယ်။ ဒါဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီလို မလုပ်ချင်ပါဘူး။

 

ကျွန်တော် ဘိုင်ယန်မြူးနစ်ကို သွားလို့ ရပါတယ်။ အဲဒီမှာဆိုရင် ကျွန်တော့်ဘ၀မှာ ဒီထက် ဆုဖလားတွေ ရယူနိုင်မှာ သေချာပါတယ်။ အနည်းဆုံးတော့ ပိုမိုကောင်းမွန်တဲ့ အခွင့်အရေး ရှိမှာပါ။ ကျွန်တော် ဒါကို မလုပ်ခဲ့ပါဘူး။ ကျွန်တော် ဒီအသင်းနဲ့ စာချုပ်ရှိနေတာကြောင့် ဒီလိုမျိုး ဘယ်တော့မှ လုပ်သွားမှာ မဟုတ်ပါဘူး။ ဒါအိုကေပါတယ်။

ကမ္ဘာကြီးဟာ အောင်နိုင်သူတွေနဲ့ ပြည့်နှက်နေတာ မဟုတ်ပါဘူး။ ကြိုးစားတဲ့သူတွေနဲ့ ပြည့်နှက်နေတာပါ။ ကျွန်တော်လည်း ကြိုးစားခဲ့ပါတယ်။ တစ်ခါတစ်ရံ တစ်ချို့လူတွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော် ဒါကို ပျော်ရွှင်ပါတယ်။

ဒီကလပ်ဟာ အရမ်းကို ခက်ခဲ့တဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရပြီး အမြဲတမ်း ပြန်လည် ရုန်းထွက်နိုင်ခဲ့ပါတယ်။ ကောင်လေးတွေ လုပ်ပြခဲ့တာတွေဟာ တအားကို ကောင်းလှပါတယ်။ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲကို ကြည့်လိုက်ပါ။

ကျွန်တော်တို့ဟာ ၁-၀ နဲ့ ရှုံးနေခဲ့ပြီး ခက်ခဲလှတဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရပေမယ့် ကောင်လေးတွေရဲ့ ဒူပေနာပေခံနိုင်မှုကြောင့် နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မန်စီးတီးနဲ့ ၃ မှတ် အကွာ ဂိုးကွာခြားချက် ၇ ဂိုး လျော့နေပါတယ်။ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ ဒီထက်ပိုပြီး မလုပ်နိုင်ပါဘူး။ ကျွန်တော် ဒါကို ကျေနပ်ပါတယ်။ လူတွေ ဒါကို မကျေနပ်ရင်တော့ ကျွန်တော်လည်း ဘာမှ မပြောင်းလဲပေးနိုင်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

ကလော့ဟာ ၀င်ဘာလေမှာ ၃ ကြိမ်ဆက်တိုက် အနိုင်ရဖို့ အတွက် ပစ်မှတ်ထားနေပြီး အဲဒီမတိုင်မီ ဒီကွင်းမှာ လာကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲ အရေးနိမ့်ခဲ့ပါတယ်။

 

ကလော့က “ကျွန်တော် ဒီနေရာကို ကြိုက်ပါတယ်။ အမြဲတမ်း ကြိုက်ခဲ့တာပါ။ အရင်တုန်းက ဒီကွင်းနဲ့ပက်သက်ပြီး ကျွန်တော့်ရဲ့ အတွေ့အကြုံက သိပ်မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ကွင်းနဲ့တော့ မဆိုင်ပါဘူး။ ကာရာဘောင်ဖလားဖိုင်နယ်တုန်းက ကွင်းအငွေ့အသက်ဟာ တကယ့်ကို ကောင်းလွန်းခဲ့ပါတယ်။ ဒီပွဲဟာ ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ ဘာမှ မကွာလှပါဘူး။ ပွဲအပြီးမှာ ဒီဖလားဟာ လူတွေအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိသလဲဆိုတာ တွေ့ခဲ့ရမှာပါ။

ဒီဆုဟာ တကယ့်ကို စပယ်ရှယ် ဖြစ်ခဲ့ပါတယ်။ လူတွေက ကာရာဘောင်ဖလားလေးပဲ ဆိုပြီး တွေးကြပေမယ့် ကွင်းထဲက လူတွေအတွက် ဒါဟာ တအားကို အဓိပ္ပာယ်ရှိလွန်းခဲ့ပါတယ်။ ကျွန်တော်တို့ အနိုင်ရခဲ့ပြီးနောက် ဒီလိုပဲ ခံစားရပါတယ်။ အဲဒီနောက် စီးတီးနဲ့ ဒီကွင်းမှာ ကစားခဲ့ရပြီး အသင်းဘက်က အကောင်းဆုံး စွမ်းဆောင်ရည် ပြသခဲ့သလို ပရိတ်သတ်တွေ ဘက်ကလည်း အကောင်းဆုံး အငွေ့အသက်တွေကို ဖန်တီးခဲ့ပါတယ်။ အမှန်ပါပဲ။ ဒါဟာ နေရာကောင်းတစ်ခုပါပဲ။” လို့ ဆိုသွားပါတယ်။

 

ဆက်လက်ပြီး ကလော့က ဗီလာနဲ့ ပွဲစဉ်မှာ ဒူးကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ဖာဘင်ညိုဟာ အက်ဖ်အေဖလားဖိုင်နယ်ကို လွဲချော်သွားမှာ ဖြစ်ပေမယ့် ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်အမှီ ပြန်ကစားနိုင်လိမ့်မယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

 

SM