စကော့တလန် ဖိလစ်လမ်း လက်သစ် ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းထံ တိုက်တွန်းလိုက်တဲ့ ဝင်တာဘန်း

ဂန်းနား ဘယ်နောက်ခံလူဟောင်း ဝင်တာဘန်း က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်း အနေနဲ့ စကော့တလန် ဘယ်နောက်ခံလူ အာရွန် ဟစ်ကီ ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးလိုက်ပါတယ် ။

အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ဟစ်ကီ ဟာ ၂၀၂၀ ခုနှစ်မှာ ဟက်စ် အသင်းကနေ ဘိုလောဂ့်နာ အသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဒီရာသီမှာ စီရီးအေ ကလပ် အတွက် ပုံမှန် ပွဲထွက် ကစားခွင့် ရရှိထားပါတယ် ။

ဟစ်ကီ ဟာ ဒီရာသီမှာ ဘိုလောဂ့်နာ အသင်းအတွက် စီရီးအေ ပွဲပေါင်း ၃၄ ပွဲ အထိ ကစား ပေးထားပါတယ် ။ ဂန်းနားတို့ဟာ လာမယ့် နွေရာသီမှာ တီယာနေး ရဲ့ အရန် အဖြစ် ဘယ်နောက်ခံလူ တစ်ဦးကို ခေါ်ယူ ချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီက တီယာနေး ရဲ့ အရန်အဖြစ် နူနို တာဗာရက်စ် ကို ခေါ်ယူခဲ့ပေမယ့် ပေါ်တူဂီသားဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းပြီး အမှားအယွင်းများတာကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ် ။

ဂန်းနား နောက်ခံလူဟောင်း ဝင်တာဘန်း ကတော့ ဟစ်ကီ ဟာ နည်းပြ အာတေတာ လိုချင်တဲ့ ကစားသမားမျိုး ဖြစ်တယ်လို့ FreeSuperTips မှာ​ ပြောကြား သွားခဲ့ပါတယ် ။

” ညာနောက်ခံလူ နဲ့ ဘယ်နောက်ခံလူနေရာတွေက အာဆင်နယ် အသင်း လူအင်အားဖြည့်တင်းဖို့ လိုနေတဲ့ နေရာတွေပါ ၊ ပွဲထွက် ကစားသမားတွေကို စိန်ခေါ်နိုင်မယ့်သူတွေ လိုအပ်နေပါတယ် ၊ ပွဲထွက် ကစားသမား​တွေ ခြေစွမ်းကျလာရင် သို့မဟုတ် ဒဏ်ရာ ရသွားရင် အစားဝင်ကစားပြီး ကိုယ့်ခြေစွမ်းမကျခင်အထိ နေရာတစ်နေရာ ရယူနိုင်မယ့်သူပေါ့ဗျာ ။ ”

” နည်းပြ ကိုယ်တိုင်ကလည်း အသင်းက နေရာတွေမှာ ပြိုင်ဆိုင်မှုတွေ ရှိနေတာ မြင်ချင်မှာပါပဲ ၊ ကျွန်တော် သူ(ဟစ်ကီ) ကစားတာ အတိုအထွာလေးတွေကလွဲလို့ အများကြီး မကြည့်ဖူးပါဘူး ၊ ဒါပေမယ့် သူနဲ့ ပတ်သက်တဲ့ သတင်းတွေ ကျွန်တော် ဖတ်ရပါတယ် ။ ”

” သူ့ရဲ့ နည်းပြဟောင်း က သူက ဖိလစ်လမ်း နဲ့ ကစားပုံ ဆင်တူကြောင်း ပြောခဲ့ဖူးပါတယ် ၊ ဒါကြောင့် သူသာ ရောက်လာရင် အာဆင်နယ် အတွက် ကောင်းမွန်တဲ့ အင်အား ဖြည့်တင်းမှု ဖြစ်မှာပါ ။ ”

” သူက အသက် ၁၉ နှစ်ပဲရှိသေးတော့ ငယ်သေးတယ်ဆိုရမှာပါ ၊ ဒါပေမယ့် အတွေ့အကြုံတွေ အများကြီး ရှိနေပြီဆိုတော့ အံ့ဖွယ်ပါပဲ ၊ ဒီရာသီ အာဆင်နယ် အသင်း ပုံဖော်ခဲ့တာနဲ့ လုံးဝ ကွက်တိပါပဲ ၊ အာဆင်နယ် က နောက်ရာသီမှာလည်း လူငယ်တွေနဲ့ ဒီလိုပဲ ရှေ့ဆက်မယ့်ပုံပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM