အက်ဖ်အေဖလား ဗိုလ်လုပွဲ အမှီ လူကာကူ ချိန်သားကိုက် ဂိုးပေါက် ပြန်တွေ့နေခြင်း အပေါ် မှတ်ချက်ပေးလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲကျန်မှာ လိဒ်စ်ယူနိုက်တက် အသင်းကို ၀ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ၊ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ သေချာဖို့ တမှတ်သာ လိုအပ်ပါတော့တယ် ။ ဒီ နိုင်ပွဲကြောင့်လည်း ချဲလ်ဆီး ဟာ မနက်ဖြန်မှာ ကစားမယ့် အက်ဖ်အေဖလား ဖိုင်နယ် အတွက် ယုံကြည်မှု တပိုင်းတစ ပြန်လည် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ဒါ့အပြင် သွင်းဂိုးတွေကိုလည်း ပွဲထွက် တိုက်စစ် ကစားသမား ၃ဦး ဖြစ်တဲ့ မေဆင်မောင့် ၊ ခရစ်တီယန် ပူလီဆစ်နဲ့ ရိုမီလူ လူကာကူတို့က တဂိုးစီ သွင်းယူနိုင်ခဲ့တာကလည်း ချဲလ်ဆီး အတွက် အပေါင်း လက္ခဏာဆောင်ခဲ့ပါတယ် ။ အထူးသဖြင့် လူကာကူ နောက်ဆုံး ၂ပွဲဆက် ဂိုးမြူးလာခြင်းဟာ အက်ဖ်အေဖိုင်နယ် အပေါ် များစွာ အထောက်အကူ ပေးနိုင်ပါလိမ့်မယ် ။

လိဒ်စ်နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ဖိုင်နယ် အမှီ လူကာကူ ဂိုးပေါက် ပြန်တွေ့နေခြင်း အပေါ် မှတ်ချက်ပေးရင်း ၊ လူကာကူကို လူစားမလဲပဲ ပွဲပြီးတဲ့ အထိ အသုံးပြုဖို့ ဆုံးဖြတ်ချက် ချခဲ့တာ မှန်ကန်ခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ရစ်သမ် ရှာဖွေဖို့ အတွက် အချိန်တိုင်းဟာ အချိန်ကောင်းပါပဲ ။ သူ ၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့လို့ ကျွန်တော် ပျော်ပါတယ် ။ သူဟာ ဂိုးရတဲ့အထိ ကွင်းထဲမှာ ဆက်နေချင်ခဲ့တာပါ ။ ပူလီနဲ့ မေဆင် အတွက်လည်း ကျွန်တော် ပျော်ပါတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ဟာ တိုက်စစ် ကစားသမားတွေဆီက အဆုံးအဖြတ်တွေကို ရခဲ့ပါတယ် ။ ”

” ဒီဂိုးတွေဟာ သူတို့ရဲ့ ယုံကြည်မှု အတွက် အထူး အရေးပါပါတယ် ။ ပွဲချိန် ၇၅မိနစ်လောက် အရောက်မှာ ကျွန်တော်တို့ ရိုမီလူကို ကြံ့ခိုင်မှု အရ ဘယ်လို ခံစားနေရလဲလို့ မေးခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ သူ့လို လူကောင်ကြီးတဲ့ ကစားသမား တယောက်ဟာ ပွဲချိန် ကြာလာတာနဲ့ အမျှ ပိုပြီး လေးလံလာနိုင်လို့ပါပဲ ။ ”

” ဒါပေမယ့် သူ ဒီနေ့ပွဲမှာ ဂိုးမရသေးဘူး ဆိုတာ ကျွန်တော် သတိထားမိခဲ့ပါတယ် ။ ပူလီနဲ့ မေဆင်တို့က တဂိုးစီ ရထားတာကြောင့် တယောက်ယောက်နဲ့ အစားထိုး လဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အဆုံးမှာ ဒါက အလုပ်ဖြစ်သွားတဲ့ အတွက် ဝမ်းသာမိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး တူချယ် က ဒီရလဒ်ဟာ အက်ဖ်အေဖိုင်နယ် မတိုင်မီ ဘယ်လောက်ထိ အရေးကြီးကြောင်းကို ” ကွင်းတွင်း ကစားပုံနဲ့ ပတ်သက်ပြီး အပြောင်းအလဲ လုပ်ဖို့ ဆိုတာ တကယ် လိုအပ်ခဲ့တာပါ ။ ဘယ်နေရာတွေမှာ ၊ ဘယ်လိုမျိုး အရဲစွန့်ဖို့ ၊ တယောက်ကို တယောက် အကာအကွယ် ပေးဖို့ ၊ ပွဲအပေါ် အာရုံစိုက်ဖို့ ၊ အန္တရာယ် ရှိတဲ့ အခြေအနေတွေကို ကြိုတင် သတိထားမိဖို့ လိုပါတယ် ။ ”

” ဒီနေ့မှာ ကျွန်တော်တို့ နိုင်ပွဲရဖို့ လိုအပ်ခဲ့ပါတယ် ။ ဒီလောက်အထိ ရိုးရှင်းတာပါ ။ အရှေ့ပွဲတွေမှာ ဂိုးတွေ ပေးခဲ့ရတာ ၊ နောက်ကျ ချေပဂိုးတွေ ခွင့်ပြုခဲ့ရတာတွေ အတွက် အကြောင်းအရင်း ရှိခဲ့ပါတယ် ။ ဟုတ်ပါတယ် ။ နည်းစနစ်တွေက ဒီပွဲကို အနိုင်ရစေခဲ့တာ မှန်ပေမယ့် ၊ နည်းစနစ် နောက်ကွယ်က စနစ်ကျတဲ့ ပြုမူခြင်းက အရေးပါခဲ့ပါတယ် ။ ”

” ကျွန်တော်တို့ နိုင်ပွဲတွေ ပြန်ယူဖို့ အကြောင်း အတူတူ ဆွေးနွေးခဲ့ပြီး ၊ ချက်ချင်းဆိုသလို လက်တွေ့ တုန့်ပြန်ပြနိုင်ခဲ့ပါတယ် ။ ဒီနေ့မှာ ကျွန်တော်တို့ ထူးထူးခြားခြား ပိုပြီး လုပ်ပြခဲ့တာ ဘာမှမရှိပါဘူး ။ ပိုပြီး အာရုံစိုက်နိုင်ခဲ့တာနဲ့ ပိုစနစ်ကျခဲ့တာပဲ ရှိတာပါ ။ ဒီနေ့မှာ အသင်းသားတွေဆီက တည်ငြိမ်မှုနဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကို ခံစားခဲ့ရပါတယ် ။ ”

” ကြီးမားတဲ့ ကွာခြားချက် တရပ်ကို မြင်တွေ့ခဲ့ရတာကြောင့် ကျွန်တော် အရမ်း ပျော်ပါတယ် ။ ဒီနိုင်ပွဲ ရဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော်တို့ လတ်တလော ကြုံနေတဲ့ အခြေအနေတွေကြောင့် မဟုတ်ပါဘူး ။ နောက်ပြီး လာမယ့် စနေနေ့ ဖိုင်နယ် အမှီ ဒီလို တည်ငြိမ်တဲ့ ခံယူချက်နဲ့ ပြန်လာနိုင်တာ ကောင်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR