အက်ဖ်အေဖလား ဗိုလ်လုပွဲ နဲ့ ပတ်သက်ပြီး အမြင်မတူခဲ့ကြတဲ့ ပေါလ်မာဆွန် နဲ့ မာ့ခ် လော်ရန်ဆန်

လီဗာပူး နဲ့ ချဲဆီး တို့ဟာ ဒီတစ်ပတ် ကစားမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ ဒီရာသီ စတုတ္ထမြှောက် ပွဲစဉ် အဖြစ် ထိပ်တိုက် ရင်ဆိုင် ကစားကြတော့မှာ ဖြစ်ပါတယ်။

လီဗာပူး ဘက်မှာတော့ အားထားရတဲ့ ကွင်းလယ် ကစားသမား ဖာဘင်ဟို ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ၊ ချဲဆီး ကတော့ ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေတဲ့ ကန်တီ ၊ ကိုဗာဆစ် တို့ ပြန်လည် ပါဝင် ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

ဒီနှစ်သင်း ကစားတိုင်း အရှုံးအနိုင် မပေါ်ပဲ သရေပွဲတွေပဲ ဆက်တိုက် ထွက်ပေါ်ခဲ့သလို ၊ သောမတ် တူချယ်ကလဲ ကလော့ပ် ရဲ့ 4-3-3 ကစားကွက်ကို ရင်ဆိုင်ဖို့ အတွက် နောက်ဆုံး 3 ယောက် + Wing Backs တွေ ထားပြီး အသုံးပြုတဲ့ ဗျူဟာကို ဆက်တိုက် အသုံးပြုထားတာ တွေ့ရပါတယ်။

ထိပ်တန်း အသင်းကြီးတွေ ပီပီ ဒီတစ်ကြိမ် ထပ်မံ တွေ့ဆုံကြချိန်မှာတော့ တစ်သင်းရဲ့ ဗျူဟာ ကို တစ်သင်းက အသာစီးရအောင် ကြိုးစားလာမှာလဲ သေချာနေပြီး ၊ ယခင် ပွဲစဉ်တွေတုန်းကထက်တောင် ပိုပြီး ဖျော်ဖြေမှု ရသပေးနိုင်တဲ့ ပွဲမျိုး ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။

BCC ရဲ့ ဘောလုံး ခန့်မှန်း သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ လော်ရိုး နဲ့ sky sports ဆောင်းပါးရှင်ဟောင်း ပေါလ် မာဆွန် တို့ဟာ ဒီပွဲ ခန့်မှန်းချက်နဲ့ ပတ်သက်ပြီး မတူညီတဲ့ အမြင်တွေကို အခုလို သီးသီးချပြသွားခဲ့ကြပါတယ်။

ပေါလ် မာဆွန် – ” ဒီပွဲအကြောင်း ပထမဆုံး အကြိမ် စတွေးလိုက်တုန်း သရေလောက်ပဲ ဖြစ်မယ်လို့ မှန်းခဲ့တာပါ။ ဒါပေမယ့် ကျနော်က ချဲဆီး က 2-1 နဲ့ နိုင်မယ်လို့ မှန်းပါမယ်။ ဖာဘင်ဟို မကစားပေးနိုင်တဲ့ အချက်က ချဲဆီး ဘက်ကို အလေးသာစေပါတယ်။ ကာရာဘောင် ဖလား ဗိုလ်လုပွဲတုန်းက 0-0 ရလာဒ် ပြီးဆုံးခဲ့ပေမယ့် ၊ အခွင့်အရေး ဖန်တီးမှုတွေက နည်းနည်းနောနော မဟုတ်ပါဘူး” လို့ ပြောဆိုသွားခဲ့ ပါတယ်။

သို့သော် လော်ရိုး ကတော့ ” ဖလား ဗိုလ်လုပွဲမျိုးတွေ ဆိုရင် ဒီနှစ်သင်း ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာ ကစားသွားသလိုမျိုး ၊ အချိန်ပိုတွေ ပင်နယ်တီ တွေ အထိရောက်ဖို့ အမြဲတမ်း မျှော်လင့်ထားခဲ့မိတာပါ။

ဒီတစ်ခါတော့ လီဗာပူးပဲ သက်တောင့်သက်သာ နဲ့ အနိုင်ရမယ် ထင်တယ်ဗျာ။ မီးနစ် 90 အတွင်းမှာပဲ အနိုင်ယူပြမှာပါ။ ဒါက ချဲဆီး က အကောင်းဆုံး ပုံစံမျိုးမှာ ရှိမနေလို့ ပြောတာပါ။

ကြားရက်မှာတုန်းက ချဲဆီး ဟာ လိဒ် ယူနိုက်တက် ကို သက်တောင့်သက်သာ နဲ့ အနိုင်ယူပြသွားတာ မြင်ခဲ့ရပါတယ်။ ဒါကို သူတို့ ပုံစံကောင်း ပြန်ရတယ်လို့ ကျနော်က သတ်မှတ်မပေးချင်ပါဘူး ။ လိဒ် က တစ်ယောက် ထုတ်ခံလိုက်ရတဲ့ အတွက် ဒီလို ဂိုးပြတ်ရလာဒ်မျိုး ထွက်လာတာပါ။

ဗီလာ နဲ့ လီဗာပူး တို့ ကစားခဲ့တဲ့ ပွဲစဉ်ကိုတော့ ဗီလာပါ့ခ် အထိအောင် ကျနော်က သွားရောက် ကြည့်ရှုခဲ့ပါတယ်။ ကောင်းတဲ့ အခိုက်အတန့်လဲ ရှိသလို ၊ သာမန်လောက်ပဲ ကစားပြနိုင်တဲ့ အချိန်မျိုးလဲ မြင်ခဲ့ရပါတယ်။ ဒါပေမယ့် နိုင်ပွဲတော့ ရအောင် ယူပြထားဆဲပဲလေ။ လီဗာပူး ဟာ အကောင်းဆုံး ပုံစံမျိုးမှာ မဟုတ်သည့်တိုင်အောင် နောက်ဆုံး ကစားခဲ့တဲ့ 2 ပွဲ ကနေ 4 မှတ် အထိ ရယူပြထားပါတယ်။ ဒီနှစ်ထဲမှာ သူတို့ လုပ်ပြထားတဲ့ စွမ်းဆောင်ရည်က အံ့အားသင့်စရာပါ။

ကျနော့် အတွက်တော့ ဗိုလ်စွဲဖို့ လီဗာပူး က ပိုပြီး ရေပန်းစားပါတယ်။ ဖာဘင်ဟို မကစားနိုင်လို့ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်ပေမယ့် အဲဒီနေရာကို ဟန်ဒါဆင်က အကောင်းဆုံး ဖြည့်ဆည်းပေးမှာပါ။ တိုက်စစ်မှာ ဆာလာ ၊ ဒီယက်ဇ် ၊ မာနေး တို့ကို သုံးလာနိုင်ပါတယ်။

ဒီတိုက်စစ် အတွဲဟာ ဗိုလ်လုပွဲ တစ်ပွဲမှာ အောင်ပွဲခံပြနိုင်တဲ့ စုဖွဲ့မှုမျိုးလေ။ ချဲဆီး အနေနဲ့ သူတို့ကို အချိန်တွေ အကြာကြီး ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ မမြင်မိပါဘူး” လို့ သုံးသပ်သွားခဲ့ပါတယ်။

ကစားသမားဟောင်းကြီး နှစ်ယောက် ရဲ့ သုံးသပ်ချက်မှာ ဘယ်သူက နီးစပ်မှု အရှိဆုံးလဲ ဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ဗျာ…….

SM