မြောက်လန်ဒန်ဒါဘီပွဲက ဒိုင်လူကြီး ပေါလ်တီယာနေး ရဲ့ဆုံးဖြတ်ချက်ကို သဘောမတူ လက်မခံကြောင်း ပြောကြားလာတဲ့ ကလတ်တန်ဘက်

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မတ်ကလတ်တန်ဘတ် က မြောက်လန်ဒန်ဒါဘီ ပွဲမှာ ပင်နယ်တီ ပေးခဲ့ရတာနဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်း မကျေမနပ် ဖြစ်နေတာဟာ မှန်ကန်ကြောင်း ပြောကြား လိုက်ပါတယ် ။

မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ် အသင်းဟာ စပါး အသင်းကို ၃ ဂိုး ဂိုးမရှိ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ စပါး အသင်းဟာ သူတို့ရဲ့ ဦးဆောင်ဂိုးကို ပင်နယ်တီ ကနေ တစ်ဆင့် ရရှိ ခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ဟယ်ရီကိန်း က သွင်းယူ ခဲ့တာပါ ။

စပါး အသင်း ရရှိခဲ့တဲ့ ပင်နယ်တီဟာ အာဆင်နယ် အသင်း နောက်ခံလူ ဆစ်ဒရစ် တစ်ယောက် ဆွန်ဟောင်မင်ကို ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ဒိုင်လူကြီး ပေါလ်တီယာနေး က ပင်နယ်တီ ကန်သွင်းခွင့် ပြုခဲ့တာပါ ။

 

ပရီးမီးယားလိဂ် ဒိုင်လူကြီးဟောင်း မတ်ကလတ်တန်ဘတ် က ပေါလ်တီယာနေး ရဲ့ဆုံးဖြတ်ချက်ဟာ ပြင်းထန်လွန်းကြောင်း ဝေဖန် သွားခဲ့ပြီး အင်္ဂလန် ဒိုင်လူကြီးတွေရဲ့ အရည်အသွေးတွေကို မေးခွန်းထုတ် သွားခဲ့ပါတယ် ။

” ပင်နယ်တီ ပေးလိုက်တာက ပွဲရလဒ်အပေါ် အများကြီး သက်ရောက်မှု ရှိသွားခဲ့တဲ့ ဆုံးဖြတ်ချက်ပါပဲ ၊ကျွန်တော်သာ သူ့နေရာမှာဆို ပေးဖို့ မသေချာပါဘူး ၊ နည်းစနစ်ပိုင်း အရဆို ပေါလ်တီယာ​နေး မမှားပါဘူး ။ ”

” အနောက်ကနေ ဒိုင်လူကြီး မြင်ရတဲ့ အနေအထားကို ကျွန်တော်တို့ replay ကနေ တွေ့လိုက်ရပါတယ် ။ ဆစ်ဒရစ် က ဆွန်ဟောင်မင် ကို တံတောင်နဲ့ တွတ်လိုက်တဲ့ မြင်ကွင်းပေါ့ ၊ အဲ့ဒါကိုသာ ပင်နယ်တီ အဖြစ် သတ်မှတ်မယ်ဆိုရင် တခြားပွဲတွေက အဲ့ဒီလို ပြစ်ဒဏ်ကျူးလွန်မှုမျိုးက ပင်နယ်တီ မဖြစ်ခဲ့တာတွေကို ကျွန်တော် ပြန်ပြလို့ရပါတယ် ။ ”

” ဆုံးဖြတ်ချက် တသမတ်တည်းမရှိမှုက စိတ်ပျက်စရာပါပဲ ၊ လာမယ့် အပတ် ပရီးမီးယားလိဂ်ပွဲမှာသာ အလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်ရင် ပင်နယ်တီ ပေးမှာ သေချာလား ၊ ပေးလည်း ပေးနိုင်သလို မပေးလည်း မပေးနိုင်ပါဘူး ။ ”

” တီယာနေး က ပြစ်ဒဏ်ဘော ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တာပါ ၊ ဟယ်ရီကိန်း ကတော့ ကျေးဇူး အများကြီးတင်တယ်လို့ ပြောနေမှာ အသေအချာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM