တော့တင်ဟမ်တို့ အောင်ပွဲခံသွားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်အပြီး ပရီးမီးယားလိဂ် top 4 ကို ခန့်မှန်းလိုက်တဲ့ ဂယ်ရီနဗီး

တော့တင်ဟမ်ဟာ မနေ့ညက ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ် အသင်းကို ဟယ်ရီကိန်း (၂ ဂိုး) ဆွန်ဟောင်မင်း တို့ရဲ့ ဂိုးတွေနဲ့ အတူ ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရော့ဟိုဒင်းဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒီနိုင်ပွဲကြောင့် စပါးဟာ ချန်ပီယံလိဂ် ၀င်ခွင့် အတွက် တိုက်ပွဲမှာ အဆင့် ၄ နေရာက အာဆင်နယ်ရဲ့ တစ်မှတ် အကွာကို ရောက်လာခဲ့ပါတယ်။

အာတီတာရဲ့ အသင်းဟာ ဒီပွဲစဉ်မှာ သရေကျခဲ့မယ်ဆိုရင်တောင် top 4 အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပေမယ့်လည်း အစောပိုင်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေဟာ ရှုံးပွဲကို ကြုံတွေ့စေခဲ့ပါတယ်။ ဆွန်ဟောင်မင်းကို ဆီးဒရစ် ကျူးလွန်ခဲ့တဲ့ foul ကို ကိန်းက ပင်နယ်တီကနေ အဖွင့်ဂိုး ကန်သွင်းယူခဲ့ပြီး အဲဒီနောက် ရော့ဟိုဒင်းဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ပွဲရဲ့ ချိန်ခွင်ဟာ လုံး၀ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

မြောက်လန်ဒန်ဒါဘီမှာ စပါးတို့ အရေးပါတဲ့ နိုင်ပွဲကို ရရှိသွားခဲ့ပြီးနောက် ဂယ်ရီနဗီးက သူ့အနေနဲ့ top 4 အတွက် တော့တင်ဟမ် ဘက်ကနေ လောင်းကြေးထပ်သွားမှာ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

နဗီးက “၁-၀ ဖြစ်သွားခဲ့ပြီးနောက် အိမ်ကွင်းပရိတ်သတ်တွေဟာ တအားကို ဆူညံပွက်လောရိုက်သွားခဲ့ ပါတယ်။ ပထမဂိုးဟာ အာဆင်နယ်ရဲ့ ပွဲရှိန်ကို ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်မှာ အာဆင်နယ်တို့ ထိုးကျသွားခဲ့ပါတယ်။ သူတို့ဟာ ဒီအပိုင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလို ကွင်းမျိုးမှာ စပါးအနေနဲ့ အကောင်းဆုံး atmosphere ကို ဖန်တီးသွားနိုင်ခဲ့ပြီ ဆိုတာနဲ့ ပြိုင်ဘက် အတွက် ဒါဟာ ကြီးမားတဲ့ စမ်းသပ်မှု ဖြစ်သွားခဲ့ပါတယ်။

တော့တင်ဟမ် နဲ့ အာဆင်နယ် တို့အတွက် ချန်ပီယံလိဂ်၀င်ခွင့် ရဖို့ဟာ တအားကို အရေးကြီးလှပါတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးပိုင်း အရ ဒါဟာ တအားကို အရေးပါလှပြီး ချန်ပီယံလိဂ် ၀င်ခွင့် မရခဲ့ဘူးဆိုရင် ဆုံးရှုံးရနိုင်တဲ့ ငွေပမာဏဟာ တအားကို များပြားလှပါတယ်။ ဒီရာသီ အစောပိုင်းမှာ ဒီပွဲကို ဖျက်သိမ်းခဲ့တာကို ကျွန်တော် မနှစ်သက်ပါဘူး။ တာ၀န်ရှိသူတွေ အနေနဲ့ ဒီပွဲကို ကစားခိုင်းသင့်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့ကြောင့် ဒီပွဲစဉ် မတိုင်မီ အနည်းငယ် အကြိတ်အခဲလေးတွေ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် ကွင်းရဲ့ atmosphere ဟာ တအားကို ပြင်းထန်နေခဲ့ပြီး အာဆင်နယ် နဲ့ ဒီ လူငယ် ကစားသမားတွေဟာ ကြီးမားတဲ့ စမ်းသပ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲချိန် ၁၀ မိနစ် ကနေ ၃၅ မိနစ်ထိ အာဆင်နယ်ရဲ့ စိတ်ဓာတ်ပိုင်းဟာ အားနည်းနေခဲ့ပါတယ်။ ဒါမျိုးဟာ ဖြစ်တက်ပါတယ်။ လက်ကျန်ပွဲစဉ် အနေအထားကို ကြည့်လိုက်မယ် ဆိုရင် ကျွန်တော် ကတော့ တော့တင်ဟမ်ရဲ့ ပွဲတွေကို ပိုမို အလို ရှိပါတယ်။ ဘန်လေ ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး နော့ဝှစ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာပါ။ အာဆင်နယ် ကနော့ နယူးကာဆယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒါဟာ တအားကို ခက်ခဲမှာပါ။ အထူးသဖြင့် တနင်္ဂနွေနေ့မှာ စပါးတို့ နိုင်သွားခဲ့ရင်ပေါ့။ နောက်ဆုံးပွဲကတော့ အဲဗာတန်ကို အိမ်ကွင်းမှာ ကစားရမှာပါ။ အကယ်လို့များ အဲဗာတန်သာ အမှတ်လိုခဲ့မယ်ဆိုရင် အာဆင်နယ် အနေနဲ့ အရမ်းကို ခက်ခဲတဲ့ ၂ ပွဲကို ကစားသွားရမှာပါ။

ကျွန်တော် ကတော့ တော့တင်ဟမ် တို့ ဘန်လေကို နိုင်သွားမယ်လို့ ထင်ပါတယ်။ အာဆင်နယ် အနေနဲ့ လက်ကျန် ၂ ပွဲကို အနိုင်ရမှ ဖြစ်မှာပါ။ ဒါပေမယ့် သူတို့ ဒီနှစ်ပွဲစလုံး နိုင်မယ်လို့ မထင်မိပါဘူး။ ဒီည ရှုံးပွဲဟာ သူတို့ အတွက် ကြီးမားတဲ့ ထိခိုက်မှုပါ။ ကျွန်တော် မှားရင်လည်း မှားနိုင်ပါတယ်။ ကျွန်တော်ဟာ ကြားနေပရိတ်သတ်ပါ။ ဒါပေမယ့် top 4 အတွက် ငွေကြေး တစ်စုံတစ်ရာ လောင်းသွားရမယ် ဆိုရင်တော့ ကျွန်တော် တော့တင်ဟမ်ကိုပဲ ရွေးချယ်သွားမှာပါ။” လို့ ဆိုသွားပါတယ်။

SM