အန်ဖီးကနေ ထွက်ခွာဖို့အချိန် ကျရောက်လာပြီလို့ လီဗာပူးစတားကို ပြောလိုက်တဲ့ ဒေးဗစ်ဂျိမ်း

လီဗာပူး ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းက ဆာဒီယိုမာနေး အနေနဲ့ ဒီနွေရာသီမှာ အန်ဖီးကနေ ထွက်ခွာကာ သူ့ကစားသမား ဘ၀အတွက် အကောင်းဆုံး အရာကို စဉ်းစားသွားသင့်တယ်လို့ အကြံပေးလိုက်ပါတယ်။ မာနေးဟာ ဒီရာသီမှာ လီဗာပူး အတွက် အကောင်းဆုံး ပုံစံကို ပြသလျက် ရှိနေပြီး ယာဂန်ကလော့ရဲ့ အသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၂၂ ဂိုး သွင်းယူထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆီနီဂေါစတားရဲ့ စာချုပ်ဟာ လာမည့်ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဒီတစ်ပတ်မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းများ အရ ဘိုင်ယန်မြူးနစ် နဲ့ ဘာစီလိုနာ တို့ဟာ မာနေးကို ခေါ်ယူဖို့ စိတ်၀င်စားနေကြတယ်လို့ သိရပါတယ်။ လီဗာပူး အသင်းဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို ကလပ်မှာ ဆက်ရှိစေချင်ပေမယ့် လီဗာပူး ဂိုးသမားဟောင်း ဂျိမ်းက ဘိုင်ယန်မြူးနစ်ကို ပြောင်းရွေ့ခြင်းဟာ မာနေးရဲ့ ကစားသမား ဘ၀ အတွက် အကောင်းဆုံး အရာ ဖြစ်လ်ိမ့်မယ်လို့ ယုံကြည် နေပါတယ်။

ဂျိမ်းက “ကျွန်တော် လီဗာပူးမှာ သူ့ရဲ့ အောင်မြင်မှုတွေကို တစ်ချက် ကြည့်ခဲ့ပါတယ်။ အက်ဖ်အေဖလားကသာ အင်္ဂလန်မှာ သူမရဖူးသေးတဲ့ တစ်ခုတည်းသော ဆုဖလား ဖြစ်ပါတယ်။ သူဟာ ချန်ပီယံလိဂ်ဖလား နဲ့ အာဖရိကဖလား တို့လို အမြင့်ဆုံး ဆုဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပြီး သူဟာ ကစားသမား ဘ၀ရဲ့ အမြင့်ဆုံး အခိုက်အတန့်ကို ပိုင်ဆိုင် နေပါတယ်။ ပြီးတော့ သူဟာ ပရီးမီးယားလိဂ်မှာ အမြန်ဆုံး ဟက်ထရစ် သွင်းယူထားသူ အဖြစ် စံချိန်တင်ထားဆဲလို့ ကျွန်တော် ထင်ပါတယ်။

ကစားသမား တစ်ဦး အနေနဲ့ အသင့်တော်ဆုံး အချိန်မှာ အကောင်းဆုံး အပြောင်းအရွေ့ တစ်ခုကို ဖန်တီးသွားရမှာ ဖြစ်ပါတယ်။ ပြီးတော့ သူဟာ အင်္ဂလန် လူမျိုး မဟုတ်ဘဲ ကမ္ဘာလှည့်ကာ ကျင်လည် ကျက်စားနေတဲ့သူပါ။ ဂျာမနီကို ပြောင်းရွေ့ကာ ဘိုင်ယန်မြူးနစ် အသင်း အတွက် ကစားခြင်းဟာ သူ့ကစားသမား ဘ၀ အတွက် အကောင်းဆုံး အရာ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

လီဗာပူး ပရိတ်သတ်တွေ ကတော့ မာနေးကို လီဗာပူးမှာ ကစားသမား ဘ၀ ကုန်ဆုံးတဲ့ အချိန်ထိ ရှိစေချင်ကြပေမယ့်လည်း အခုချိန်ဟာ မာနေး အတွက် အပြောင်းအရွေ့ လုပ်ဆောင်ဖို့ အသင့်တော်ဆုံး အချိန် ဖြစ်ပါတယ်။ အကယ်၍ သူ့အတွက် အကောင်းဆုံး အခွင့်အရေး ရရှိမယ် ဆိုရင် ဒါဟာ လာမည့် နွေရာသီ အပြောင်းအရွေ့ပဲ ဖြစ်မှာပါ။” လို့ ပြောသွားပါတယ်။

မာနေးဟာ လီဗာပူး အတွက် နောက်ဆုံး ၁၁ ပွဲမှာ ၈ ဂိုး သွင်းယူထားခဲ့သူ ဖြစ်ပြီး ယခုတစ်ပတ် စနေနေ့ ၀င်ဘာလေမှာ ကစားရမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးကိုသာ အနိုင်ရခဲ့မယ် ဆိုရင် လီဗာပူးနဲ့ အတူ ဖြစ်နိုင်သမျှ ဆုဖလား အားလုံး ဆွတ်ခူးနိုင်သူ ဖြစ်လာတော့မှာပါ။

SM