အီတလီတို့ ခြေစစ်ပွဲမှာ ကျရှုံးခဲ့ပြီးနောက် ကမ္ဘာ့ဖလားမှာ သူအားပေးသွားမယ့်အသင်းကို ထုတ်ဖော်လိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲယ်မက်ဒရစ် နည်းပြ ကာလိုအန်ဆယ်လော့တီဟာ လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားမှာ သူ့နိုင်ငံ အီတလီ အသင်းကို အားပေးသွားဖို့ ရည်ရွယ်ထားခဲ့ပေမယ့်လည်း ယူရို ၂၀၂၀ ချန်ပီယံ အီတလီ အသင်းဟာ play-off ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ကာ ကာတာကမ္ဘာ့ဖလားနဲ့ လွဲချော် သွားခဲ့ပါတယ်။

ရော်ဘတ်တိုမန်ချီနီရဲ့ အသင်းဟာ ကမ္ဘာ့ဖလားနဲ့ ၂ ကြိမ်ဆက်တိုက် လွဲချော်ခဲ့တာ ဖြစ်ပြီး ဒီအတွက်ကြောင့် အန်ဆယ်လော့တီ နဲ့ သူ့နိုင်ငံသားတွေဟာ လာမည့် ကမ္ဘာ့ဖလားမှာ သူတို့ အားပေးသွားရမယ့် အခြား အသင်း တစ်သင်းကို ရှာဖွေ သွားရတော့မှာ ဖြစ်ပါတယ်။ အန်ဆယ်လော့တီက အီတလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် သူ့အနေနဲ့ အဆိုပါ ပြိုင်ပွဲမှာ ကနေဒါ အသင်းရဲ့ ပရိတ်သတ် လုပ်သွားမှာ ဖြစ်တယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။

ကနေဒါ အသင်းဟာ CONCACAF Zone ကနေ နာမည်ကြီး အမေရိကန် မက္ကဆီကို တို့ကို ကျော်ဖြတ်ကာ ထိပ်ဆုံး နေရာနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး ဒါဟာ ကနေဒါ အတွက် လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ယှဉ်ပြိုင်ခွင့် ရတာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ကနေဒါလူမျိုး businesswomen ဖြစ်တဲ့ မာရီရာနာဘာရန်နာကို လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က လက်ထက် ထားခဲ့သူ ဖြစ်တာကြောင့် သူ့ဇနီးရဲ့ နိုင်ငံကို အားပေးသွားဖို့ အသင့် ဖြစ်နေပါတယ်။

ရီးရဲယ်မက်ဒရစ် နည်းပြက “လာမည့် ၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကျွန်တော် ကနေဒါ အသင်းကို အားပေးသွားမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဒီပြိုင်ပွဲနဲ့ နှစ်ပေါင်းများစွာ လွဲချော် နေခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကနေဒါဟာ ကျွန်တော့်ရဲ့ ဒုတိယအိမ်လည်း ဖြစ်ပါတယ်။ နောက်တစ်ချက် ကတော့ ကနေဒါ ဘောလုံး အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဖြစ်သူဟာ အီတလီလူမျိုး ဖြစ်ပါတယ်။ ဒါ့ကြောင့် မိသားစု အားလုံး ကမ္ဘာ့ဖလားမှာ ကနေဒါ အသင်းကို အားပေးသွားကြမှာ ဖြစ်ပါတယ်။” လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ သူ့ရဲ့ နည်းပြဘ၀ တစ်ခုလုံးကို အေစီမီလန် ဂျူဗင်တပ် ချဲလ်ဆီး ပီအက်ဂျီ ဘိုင်ယန်မြူးနစ် အဲဗာတန် ရီးရဲယ်မက်ဒရစ် စတဲ့ ကလပ်တွေမှာသာ ကျဉ်လည်ခဲ့သူ ဖြစ်ပြီး နိုင်ငံ့လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့ဖူးခြင်း မရှိသေးပါဘူး။ အန်ဆယ်လော့တီဟာ ဒီရာသီမှာ ရီးရဲယ်မက်ဒရစ် အသင်းကို လာလီဂါ ဖလား ပြန်လည် ရယူပေးဖို့ နီးစပ်နေပြီ ဖြစ်တဲ့ အပြင် ချန်ပီယံလိဂ်မှာလည်း လက်ရှိ ဥရောပ ချန်ပီယံ ချဲလ်ဆီးကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးထားခဲ့ ပါတယ်။

အီတလီ လူမျိုး နည်းပြဟာ ရီးရဲယ်နဲ့ လာမည့် ၂၀၂၄ ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး ဘာနေဗျူးကနေ ထွက်ခွာလာခဲ့ပါက မီလန်ကို ပြန်သွားမယ့် အစား အနားယူသွားတာလည်း ဖြစ်နိုင်တယ်လို့ ၀န်ခံခဲ့ပါတယ်။

အန်ဆယ်လော့တီက “အနာဂတ် အကြောင်းကို ရီးရဲယ်မက်ဒရစ် ကနေ ကျွန်တော် ထွက်ခွာသွားခဲ့တဲ့ နေ့မှာ ပြောသွားမှာပါ။ ကျွန်တော် မီလန်ကို ပြန်မယ့် အစား အနားယူသွားတာလည်း ဖြစ်နိုင်ပါတယ်။ မီလန်ဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ရှိတဲ့ အသင်းတွေထဲက တစ်သင်းပါ။

ဘာလို့လဲဆိုတော့ ဒီကလပ်ဟာ ကျွန်တော့်ကို ပျိုးထောင်ပေးခဲ့လို့ပါ။ ကစားသမားတစ်ဦး အနေနဲ့သာ မကပါဘူး။ နည်းပြတစ်ဦး အနေနဲ့လည်း ပါပါတယ်။ ဒါရိုက်တာ အဖြစ်လား? မာဒိနီဟာ အကောင်းဆုံး လုပ်ပြနေပါတယ်။ ဒီနေရာအတွက် ၂ ယောက် မလိုအပ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

SM